25.2 C
Yangon

မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ရန် ဗြိတိန်အစိုးရကို ဗြိတိန်သျှပါလီမန်က ဖိအားပေးမှုများ အရှိန်မြှင့်လာ

Must read

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရန် ဗြိတိန်အစိုးရကို ဗြိတိန်ပါလီမန်က ဖိအားပေးမှုများ အရှိန်မြှင့်လာကြောင်း Burma Campaign UK ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီပေးရန် တောင်းဆိုသည့် ဗြိတိန်ပါလီမန်အမတ်များ၏ ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ ဗြိတိန်ပါလီမန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ပါလီမန်အမတ်များက ဗြိတိန်အစိုးရအနေဖြင့် မြန် မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန်၊ တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မဖြတ်တောက်ရန် အပါအဝင် ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တစ်ခဲနက် တောင်းဆိုခဲ့ကြသည်။

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီမှ ပါလီမန်အမတ် ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာ ဂျေရမီ ဟန့်တ် (Sir Jeremy Hunt) က ယခုဆွေးနွေးပွဲဖြစ်မြောက်အောင် စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်ဆောင်ရွက်မှုများတွင် ဗြိတိန်နိုင်ငံက ပြန်လည်ဦးဆောင်ရန် တိုက်တွန်းသည်။

“ဗြိတိန်အနေနဲ့ ဘေးထွက်ကွင်းပြင်ကနေ ရပ်ကြည့်နေဖို့ မလိုပါဘူး၊ မကြည့်လည်း မကြည့်ရပါဘူး။ ဝန်ကြီးဘက်က ပြန်လည်ဖြေကြားတဲ့အခါမှာလည်း ဗြိတိန်အနေနဲ့ ဘေးထွက်ရပ်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ကြားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပါလီမန်အမတ် ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာ ဂျေရမီ ဟန့်တ် (Sir Jeremy Hunt) ပြောဆိုသည်။

မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံပိုင်ဘဏ်များအပါအဝင် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုချမှတ်ရန် သူက တောင်းဆိုခဲ့သည်။

ထို့ပြင် အာရက္ခတပ်တော် (AA) ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အရေးယူရန်၊ ကုလသမဂ္ဂတွင် ဗြိတိန်က ဦးဆောင်ရန်နှင့် မြန်မာ့အရေးတစ်ခုလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်မည့် ပိုမိုဆန်းသစ်သော နည်းလမ်းများကို ရှာဖွေရန်လည်း သူက ဆက်လက်တောင်းဆိုသည်။

အလုပ်သမားပါတီမှ ပါလီမန်အမတ် လူကပ်စ် အကေဟာ့စ်တ် (Luke Akehurst) ကလည်း ဗြိတိန်အစိုးရအနေဖြင့် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်းကို ရပ်တန့်ထားစဉ်အတွင်း မြန်မာစစ် တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်ကို ထောက်ပြပြီး အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် တိုက်တွန်းသည်။

“စစ်တပ်ပိုင် Mytel မိုဘိုင်းဖုန်းကွန်ရက်အပြင်၊ အီရန်နိုင်ငံကနေ လာတာတွေအပါအဝင် ဂျက်ဆီနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ ပို့ဆောင်ပေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (Amnesty) နဲ့ ရိုက်တာ (Reuters) သတင်းဌာနတို့က ဖော်ထုတ်ထားတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ လုပ်ဖို့ လိုအပ်နေပြီဆိုတာကို ဝန်ကြီးအနေနဲ့ သဘောတူပါသလား”ဟု ပါလီမန်အမတ် လူကပ်စ် အကေဟာ့စ်တ် (Luke Akehurst) က မေးခွန်းထုတ်သည်။

အလားတူ အလုပ်သမားပါတီမှ ပါလီမန်အမတ် အက်ဖ်ဇယ် ခန်း (Afzal Khan) ကလည်း “ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဟာ အစ္စလာမ်ဘာသာအပေါ် မုန်းတီးကြောက်ရွံ့မှု (Islamophobia) ရဲ့ အဆိုးရွားဆုံး သာဓကတစ်ခု ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရရှိရာလမ်းကြောင်းဖြစ်တဲ့ စစ်တပ်ထိန်းချုပ်မှုအောက်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရာမှာ ယူကေအနေနဲ့ အီးယူ (EU) ၊ အမေရိကန် (USA) တို့နဲ့အတူ ပူးပေါင်းပါဝင်သင့်တယ်ဆိုတာကို သဘောတူပါသလား” ဟု ပြောဆိုသွားသည်။

ဒီမိုကရက်တစ် ယူနီယံနစ်ပါတီမှ ပါလီမန်အမတ် ဂျင်မ် ရှန်နွန် (Jim Shannon) က ခရစ်ယာန်ဘာသာဝင်များအပေါ် ညှဉ်းပန်းနှိပ်စက်နေမှုကို အလေးပေးထောက်ပြခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် ချင်း၊ ကယား၊ ကချင်ပြည်နယ်များနှင့် စစ်ကိုင်း၊ ရန်ကုန်တိုင်းတို့ရှိ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ဒေသများကို ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများကို လုပ်ဆောင်နေကြောင်း၊ ဘုရားကျောင်းများ ဗုံးကြဲခံရခြင်း၊ ကျေးရွာများ ပြာကျအောင် မီးရှို့ခံရခြင်းနှင့် ခရစ်ယာန်သင်းအုပ်ဆရာများ မတရားဖမ်းဆီး သတ်ဖြတ်ခံနေရကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာ့အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APPG-Burma) ၏ ပူးတွဲဥက္ကဋ္ဌ ရူရှာနာရာ အလီ (Rushanara Ali) က ဗြိတိန်အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်း မရှိတော့သည်ကို ထောက်ပြခဲ့ပြီး၊ နိုင်ငံတကာက ဝိုင်းဝန်းအရေးယူလာအောင် ဗြိတိန်က အဓိကအခန်းကဏ္ဍကနေ လှုံ့ဆော်ပေးနိုင်ကြောင်း ထောက်ပြသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာတာကြောင့် ဗြိတိန်အစိုးရအနေနဲ့ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းနဲ့ လက်နက်ထောက်ပံ့မှုတွေကို ရှာဖွေပိတ်ဆို့ဖို့၊ မဟာမိတ်နိုင်ငံတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းဖို့ အစွမ်းကုန် ကြိုးစားသင့်ပါတယ်။ ဗြိတိန်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ့သက်တမ်းနဲ့ စီးပွားရေး ထိခိုက်ပျက်စီးနေပေမယ့် ကနေဒါနိုင်ငံလိုမျိုး ဂျက်ဆီကဏ္ဍကို ပိတ်ဆို့အရေးယူတာမျိုး မလုပ်သေးပါဘူး။ စစ်တပ်ရဲ့ အဓိကဝင်ငွေဖြစ်တဲ့ MOGE ကို ပိတ်ဆို့ရာမှာလည်း အီးယူနဲ့ အမေရိကန်တို့နဲ့ ပူးပေါင်းမပါဝင်သေးပါဘူး။ ဒါ့အပြင် စစ်တပ်ရဲ့ ဝင်ငွေရလမ်းဖြစ်ရုံတင်မက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးရာမှာ အသုံးချနေတဲ့ Mytel ကုမ္ပဏီကို ပိတ်ဆို့ရာမှာလည်း အမေရိကန်နဲ့ ပူးပေါင်းခြင်း မရှိသေးပါဘူး။ အခြားနိုင်ငံတွေ လုပ်ဆောင်ထားပြီး ကျွန်တော်တို့ မလုပ်ရသေးတဲ့ ပိတ်ဆို့မှုတွေ အများကြီးရှိနေလို့ ဝန်ကြီးအနေနဲ့ ဒါတွေကို ပြန်လည်သုံးသပ်ပြီး ပါတနာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုချင်ပါတယ်”ဟု သူက ပြောဆိုသည်။

ထို့အပြင် ရူရှာနာရာ အလီ က Burma Campaign UK အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

အလုပ်သမားပါတီမှ ကတ်သရင်း ဝက်စ်တ် (Catherine West) ကလည်း ဆူဒန်၊ ဂါဇာ စသည့် ကမ္ဘာ့အခြားပဋိပက္ခများနှင့် နှိုင်းယှဉ်ပါက မြန်မာ့အရေးကို ဗြိတိန်အစိုးရအနေဖြင့် ယခုထက် ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး ဟာမစ်ရှ် ဖော်ကနာ (Hamish Falconer) က အမတ်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှုအသစ်များ ပြုလုပ်ရန် ကတိကဝတ်တစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိခဲ့ပေ။

ဗြိတိင်္နအနေဖြင့် ဘေးထွက်ရပ်ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း၊ လက်တွေ့တွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် အားထုတ်မှု အလွန်နည်းပါးသဖြင့် ပြီးခဲ့သည့် နှစ်ပေါင်းများစွာက လုပ်ဆောင်ခဲ့ဖူးသည့် အဟောင်းများကိုသာ အဓိကထား၍ ပြန်လည်ပြောကြားခဲ့ရသည်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပေမယ့် နှုတ်ဆိတ်နေမှာ မဟုတ်သလို ဘေးထွက်ရပ်ကြည့်နေမှာလည်း မဟုတ်ပါဘူး။ စဉ်ဆက်မပြတ် ဖိအားပေးတာ၊ ပူးပေါင်းဆောင်ရွက်တာတွေကတစ်ဆင့် ထိခိုက်နစ်နာမှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး အားလုံးရဲ့ အခွင့်အရေးကို လေးစားတဲ့ အနာဂတ်တစ်ခုအတွက် အခြေခံအုတ်မြစ် ချပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး ဟာမစ်ရှ် ဖော်ကနာ (Hamish Falconer) က ပြောဆိုသည်။

ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် Burma Campaign UK ၏ အမှုဆောင်ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က မြန်မာ့အရေးအတွက် ဗြိတိန်အစိုးရ၏ နှေးကွေးလေးလံမှုကို ဝေဖန်သည်။

“ပါလီမန်အမတ်အားလုံးက အရေးယူပိတ်ဆို့မှုအသစ်တွေ လုပ်ဖို့ တစ်ခဲနက် ထောက်ခံခဲ့ကြပေမယ့် ဗြိတိန်နိုင်ငံခြားရေးရုံးဘက်ကတော့ ထူးခြားတဲ့ အသစ်အဆန်း ဘာမှမပြနိုင်ခဲ့ပါဘူး။ ဝန်ကြီး ဟာမစ်ရှ် ဖော်ကနာဟာ အတိတ်က လုပ်ဆောင်ခဲ့ဖူးတဲ့ အချက်အလက်အဟောင်းတွေကိုပဲ လိုက်လံစာရင်းပြုစုပြီး ဖြေကြားသွားခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သေဆုံးသူအရေအတွက် တိုးလာနေချိန်မှာ နိုင်ငံခြားရေးရုံးရဲ့ ယခုလို လေးလံထိုင်းမှိုင်းနေမှုဟာ လုံးဝစဉ်းစားရခက်စရာ ဖြစ်ပါတယ်”။ဟု Burma Campaign UK ၏ အမှုဆောင်ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article