25.2 C
Yangon

လောင်းလုံးနှင့် ရေဖြူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ ယင်းမာပင်တွင်လည်း စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ကျေးရွာ ၃ ခုမှ ပစ္စည်းများကို လိုက်လံခိုးယူနေ

Must read

ရန်ကုန်၊ ဇွန် ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမြောကင်းတံတားမှနေ၍ လောင်းလုံးမြို့ဘက်ကို ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း အထိနာကာ စခန်းကြီးကျေးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် စစ်ကြောင်းသည် ရေဖြူမြို့နယ်၊ ပိန်းရှောင်ရွာဘက်ကို ဇွန်လ ၉ ရက်နေ့တွင် ထပ်မံ ဝင်ရောက်လာစဉ် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော ပြည်သူများက စစ်တပ်က စစ်ဆေးပြီးနောက် တချို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“လောင်းလုံးထဲနေက စစ်ခွေးစစ်ကြောင်း ရေဖြူဘက် ပိန်းရှောင်ရွာနားကို ရောက်လာတဲ့ အချိန်မှာ တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တာလို့ သိရတယ်။ တချို့ကို ပြန်လွှတ်လိုက်ပြီးလို့တော့ သတင်းတွေ ထွက်နေပေမယ့် အတည်တော့မပြုနိုင်သေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ် အတွင်း ပြန်လည်ရောက်ရှိလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ကျေးရွာ ၃ ခုမှ ပစ္စည်းများကို လိုက်လံခိုးယူနေကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ကောင်းဆင့်ရွာမှ မြို့သစ်ကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် မြို့သစ်ကျေးရွာအနောက်ဘက် လမ်းခွဲသို့ ရောက်ရှိနေပြီး ၎င်းတို့ ခိုးယူထားသော ပစ္စည်းများကို ယင်းမာပင်မြို့တွင်းသို့ ပြန်လည် ပို့ဆောင်နေကြောင်း၊ ထိုစစ်ကြောင်းသည် ဇွန်လ ပထမအပတ်မှ စတင်ကာ ယင်းမာပင်မြို့မှ အင်းအား ၁၀၀ ကျော်ဖြင့် နှောရိုးရွာ၊ မြို့သစ်ရွာ၊ ကောင်ဆင့်ရွာ၊ ရွာသာယာရွာတို့ကို စစ်ကြောင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကနီမြို့နယ်၊ သာစည်ကျေးရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး ကြက်၊ ဝက်များကိုလည်း သတ်ဖြတ်စားသောက်ကာ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းသည် အနောက်ဘက်ရှိ ကျေးရွများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဝင်းကုန်းကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာသော စစ်ကြောင်းသည် ဝင်းကုန်းကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မွှေနှောက်ခိုးယူဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဒီယင်းမာပင်မြို့အနီး နှောရိုးတို့ ကောင်းဆင့်တို့ဘက်မှ စစ်ကြောင်း ၁ ကြောင်း ကနီနယ် သာစည်ဘက်နေ ယင်းမာပင်နယ် သစ်ရာပင်ရွာဘက်မှာ ၁ ကြောင်းလို့ သိရတယ်။ မနေ့က သစ်ရာပင်ရွာမှာ ညအိပ်တဲ့စစ်ကြောင်းက ဒီနေ့နံနက်မှာ လက်နက်ကြီးတွေ ရမ်းပစ်ပြီး ဝင်းကုန်းရွာထဲ ဝင်သွားတယ်။ အခု ဝင်းကုန်းရွာက ပြည်သူတွေရဲ့ အိမ်တွေကို တစ်အိမ်ပြီးတစ်အိမ် အကုန်မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူနေကြတယ်။ နောက်စစ်ကြောင်းတစ်ခုကတော့ မြို့သစ်ရွာကနေ ခိုးထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေ ပြန်သွားတယ်လို့ကြားတယ် နောက်ချန်စစ်ခွေးတွေက မြိုသစ်လမ်းခွဲမှာ ရှိနိုင်သေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ယင်းမာပင်မြို့ပေါ်ရှိ စာသင်ကျောင်းများ၌ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပရန်ရှိသည့် အတန်းတင်ကုစားဖြေဆိုမည့် စာမေးပွဲအစီအစဉ်အတွက် မြို့ပတ်ဝန်းကျင် လုံခြုံရေးယူရန်ဟုဆိုကာ ကျေးရွာများဘက်သို့ တပ်ဖြန့်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး၊ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ယင်းမာပင်မြို့အနီးရှိ ရွာသာယာကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ရေးဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ကြောင်းထိုးနေမှုကြောင့် မြို့သစ်ကျေးရွာ၊ သစ်ရာပင်ကျေးရွာ၊ ဝင်းကုန်းကျေးရွာ၊ ကောင်းဆင့်ကျေးရွာ၊ နှောရိုးကျေးရွာနှင့် ရွာသာယာကျေးရွာတို့အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ရာနှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article