ရန်ကုန်၊ ဇွန် ၁၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း Nway Oo Guerrilla Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် မင်းရပ်ကျေးရွာမှ လောင်းလုံးမြို့တွင်းသို့ ဦးတည်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို အင်းဇောက်ကျေးရွာလမ်းဆုံ (လှေဦး)တွင် နွေဦးပြောက်ကျားတပ်နှင့် ဖက်ဒရယ်ဓူဝံကြယ်မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
မေလ ၂၂ ရက် နံနက်အစောပိုင်း ၄ နာရီခန့်တွင် လောင်းလုံးမြို့အတွင်းမှ ညင်းမော်ကျေးရွာ ထိုမှတဆင့် စစ်ပြဲကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းနှင့် နွေဦးပြောက်ကျားတပ်နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်မှ ရဲဘော်များ စစ်ပြဲကျေးရွာ အရှေ့ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
မေလ ၂၃ ရက်နေ့တွင်လည်း စစ်ပြဲကျေးရွာမှ ထွက်ခွာလာသော စစ်ကြောင်းသည် ညင်းမော်၊ ဂေါ့အင်း စသည့်ကျေးရွာများမှ ခရီးသွားပြည်သူများနှင့် ရွာသားများကို ဖမ်းဆီးကာ လောင်းလုံးမြို့အောက်ပိုင်းသို့ ဆက်လက် စစ်ကြောင်းထိုးလာစဉ် ရေဖြူကျေးရွာနှင့် ရေဖြူတံတားကြီးထိပ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အမှတ် (၈၀၀၃) တပ်ရင်း၊ ကျောင်းသားတော်လှန်းရေးတပ်ဖွဲ့၊ Guerrilla Dawei တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် ရေဖြူကျေးရွာမှတဆင့် ကဒက်ငယ်၊ ရသိမ်ကျေးရွာများမှ ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကာ ကဒက်ကြီးကျေးရွာရှိ ရန်ကင်းတောင်နှင့် ခြေတော်ရာကျောင်းအတွင်း ယာယီတပ်စွဲခဲ့ကြောင်း၊ ထို့နောက် မေလ ၂၇ ရက်နေ့တွင် စစ်ကြောင်းသည် ကဒက်ကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စစ်ကြောင်းသည် ကဒက်ကြီးရွာအတွင်း တပ်စွဲထားစဉ် မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကဒက်ကြီးရွာလယ်ကျောင်းအနီး၌ တော်လှန်ရေး ပူးပေါင်းတပ်နှင့် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထိုသို့ စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေစဉ် ဇွန်လ ၁ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်ရှိ မြို့နယ်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စရဖရုံးနှင့် လဝက ရုံးတို့၌ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အမှတ် ၈၀၀၃ တပ်ရင်း၊ ကျောင်းသားတော်_လှန်ရေးတပ်ဖွဲ့နှင့် Guerrilla Dawei တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“မေလတုန်းက စစ်ခွေးစစ်ကြောင်းထိုးလာတာ တိုက်ပွဲတွေက တောက်လျောက်ကို ဖြစ်ပွားခဲ့တာ အဲ့ထိတွေ့ တိုက်ပွဲအားလုံးမှာ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးပါတယ်” ဟု Nway Oo Guerrilla Force မှ တာဝန်ရှိသူက ပြောဆိုသည်။




