25.8 C
Yangon

မင်းအောင်လှိုင်သားအဖ၏ ရတနာပုံမြို့သစ်စီမံကိန်းအတွက် သုံးတောင်ကျေး ရွာ အပါအဝင် ကျေး ရွာများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖျက်ခိုင်းပြီး အနီးစခန်းလေဆိပ် တိုးချဲ့ရန် ရပ်ကွက်ကြီး ၁၇ မှ မြေဧက ၂၅ ဧကကျော်ကို အဓမ္မ သိမ်းယူမှု ပြည်သူထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်

Must read

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့ ဦးဆောင်လုပ် ကိုင် နေသော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံမြို့သစ် စီမံကိန်းအတွက် သုံးတောင်ကျေးရွာ အပါအဝင် ကျေးရွာများကို လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ရတနာပုံမြို့သစ်စီမံကိန်း နယ်မြေအတွင်းရှိ သုံးတောင်ကျေးရွာ အပါအဝင် ရွာများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇွန်လ ၁၀ ရက်နေ့တွင် သုံးတောင်ကျေးရွာမှ ပြည်သူများကို ခေါ်ယူကာ အမြန်ဆုံး ဖယ်ရှားရွှေ့ပြောင်းကြရန် ထပ်မံအမိန့်ပေးခဲ့ပြီး၊ အကယ်၍ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက စစ်တပ်က အင်အားသုံး ဖယ်ရှားမည်ဖြစ်ကာ မည်သည့်အိမ်ထောင်ပရိဘောဂ ပစ္စည်းကိုမျှ ယူဆောင်ခွင့်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“ရတနာပုံဆိုက်ဘာစီးတီး ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့” ခေါင်းဆောင်၏ လက်မှတ်ဖြင့် ဇွန်လ ၈ ရက်နေ့စွဲပါ ဖယ်ရှားစာကို အိမ်ပိုင်ရှင်များထံ ပေးပို့ခဲ့ပြီးနောက်၊ စစ်ကောင်စီ လက်အောက်ခံ အိုးအိမ်ဦးစီးဌာနရုံးတွင် ရွာသားများကို ခေါ်ယူ၍ အိမ်ဖျက်သိမ်းရမည့် နောက်ဆုံးရက်ချိန်းကို အသိပေး၍ စစ်တပ်က အတင်းအဓမ္မ ဖိအားလာနေခြင်းဖြစ်သည်ဟု သိရှိရသည်။

ဖယ်ရှားပေးရမည့် ဒေသပြည်သူတစ်ဦးက “ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ခိုင်းတာဗျာ။ လူတွေ အကုန်လုံး ဒုက္ခရောက်ကုန်ပြီ။ မပြောင်းရင် အင်အားသုံး ဖယ်ရှားမယ်၊ ဘာပစ္စည်းမှ ယူခွင့်မပေးဘူးလို့ စစ်တပ်က ခြိမ်းခြောက်ပြီး အတင်းဖယ်ခိုင်းနေတာ” ဟု ဆိုသည်။

အဆိုပါ မြေနေရာများမှာ ယခင်ကတည်းက အစဉ်အဆက် နေထိုင်ခဲ့ကြသော နေရာများဖြစ်ပြီး ယခင်က တောတောင်နေရာများကို မြေရှင်း၍ ပြည်သူများက ရွာတည်ကာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဓားမဦးချမြေနေရာများဖြစ်ကြောင်း၊ ယခုအခါ စစ်တပ်က အစိုးရပိုင်မြေဟုဆိုကာ ပြည်သူများကို အတင်းအကျပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပြင်ဦးလွင် အနီးစခန်းလေဆိပ် တိုးချဲ့ရန်အတွက်လည်း ပြည်သူများနေထိုင်သော ရပ်ကွက်နှင့်နေအိမ်များဆောက်လုပ်ထားသော မြေဧက ၂၅ ဧကကျော်ကို စစ်တပ်က ထပ်မံသိမ်းဆည်းနေသဖြင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကြီးအကျယ် ဒုက္ခရောက်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြင်ဦးလွင် အနီးစခန်းလေဆိပ်ပိုင်မြေအဖြစ် အသုံးပြုရန် (မြေသိမ်းခွင့်) ကို ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားပြီး ယခုအခါ မြေယာများကိုပါ ထပ်မံအတင်းအဓမ္မ သိမ်းဆည်းနေပြီးဖြစ်​ကြောင်း သိရှိရသည်။

အဆိုပါ မြေသိမ်းခွင့်လျှောက်ထားမှုကို အနီးစခန်းလေဆိပ် တာဝန်ခံမန်နေဂျာက ကိုယ်စားလှယ်အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး၊ လေဆိပ်၏ အနောက်ဘက်ရှိ မန္တလေး-လားရှိုးလမ်းဘေး ဦးပိုင်အမှတ် (N-၄၇က) အပါအဝင် လမ်းမကြီးတစ်လျှောက်ရှိ လမ်းမြေများကို သိမ်းဆည်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က သိမ်းဆည်းရန် သတ်မှတ်ခဲ့သည့် နယ်နိမိတ် ဧရိယာများမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ ဆင်ခေါင်းကြီး အရပ်ရှိ ကွင်းအမှတ် (663/ဆင်ခေါင်းတောင်ကွင်း) မှ မြေဧက ၁၀ ဒသမ ၅၈ ဧကနှင့် ကွင်းအမှတ် 664/ဆင်ခေါင်းရွာကွင်း ရှိ မြေဧက ၁၅ ဒသမ ၀၂ ဧက ဖြစ်ပြီး စုစုပေါင်း မြေဧရိယာ ၂၅ ဒသမ ၆၀ ဧကကို လေဆိပ်မြေအဖြစ် အဓမ္မ သိမ်းယူလိုက်ခြင်းဖြစ်သည်။

အဆိုပါမြေသိမ်းယူမှုအတွက် ပြည်သူများက ကန့်ကွက်ခဲ့ကြသော်လည်း စစ်တပ်က လက်မခံဘဲ ပြည်သူများ၏ ကန့်ကွက်မှုများကို လျစ်လျူရှုကာ မင်းအောင်လှိုင်သားအဖ၏ စီးပွားရေးစီမံကိန်းများနှင့် စစ်တပ်ကဏ္ဍ တိုးချဲ့မှုများအတွက် ကျေးရွာများကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေသောကြောင့် ဒေသခံ ပြည်သူထောင်နှင့်ချီ၍ ဘိုးဘွားပိုင်မြေ အိုးအိမ်မဲ့အခြေအနေများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက် လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article