25.8 C
Yangon

တရုတ်အစိုးရက မြန်မာ့အရေးလေ့လာသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို ဖမ်းဆီးချိန် မြန်မာစစ်တပ်ကလည်း စစ်အာဏာသိမ်းမှုကို ဝေဖန်ခဲ့သော အမေရိကန်နိုင်ငံသား စီးပွားရေးသမား Adam Castillo ကို ရန်ကုန်တွင် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၁၃

တရုတ်အစိုးရက မြန်မာ့အရေးလေ့လာသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို ဖမ်းဆီးချိန် မြန်မာစစ်တပ်ကလည်း စစ်အာဏာသိမ်းမှုကို ဝေဖန်ခဲ့သော အမေရိကန်နိုင်ငံသား စီးပွားရေးသမား Adam Castillo ကို ရန်ကုန်တွင် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး အစဉ်တစိုက် စောင့်ကြည့်လေ့လာကာ ဒေသတွင်း တရုတ်၏ လွှမ်းမိုးမှုများကို ဝေဖန်ထောက်ပြလေ့ရှိသည့် အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်သော သုတေသီ ဦးမင်းဇင်နှင့် စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo) တို့ကို တရုတ်အစိုးရနှင့် မြန်မာစစ်တပ်တို့က တပြိုင်တည်းနီးပါး ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သံတမန်ရေးရာ သတင်းရင်းမြစ်များအရ သိရသည်။

အဆိုပါဖမ်းဆီးမှုနှစ်ခုသည် တစ်ချိန်တည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချင်းချင်း ချိတ်ဆက်မှုရှိကြောင်း ချက်ချင်းသက်သေမပြနိုင်သေးသော်လည်း၊ မြန်မာ့အရေးကို အာရုံစိုက်နေကြသည့် နိုင်ငံတကာ သံတမန်များနှင့် သုတေသီများကြားတွင် ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်သည် ဇွန်လဆန်းပိုင်းက မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ သုတေသနလုပ်ငန်းများအတွက် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန့် (Lin Jian) က သတင်းစာရှင်းလင်းပွဲတွင် ဦးမင်းဇင်အား ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပြီး ၎င်းကို “သူလျှိုလုပ်မှု၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုတို့ဖြင့် သံသယရှိခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ယခုအခါ ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း တရုတ်အစိုးရဘက်က အကြောင်းကြားထားပြီး ဖြစ်သည်။

ဦးမင်းဇင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ကာ မြန်မာ့အရေးအပြင် မြန်မာနိုင်ငံအပေါ် တရုတ်၏ လွှမ်းမိုးမှု၊ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ရှားပါးမြေဒြပ်စင် (Rare Earth) သတ္တုတွင်းများနှင့် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု အခြေခံအဆောက် အအုံ စီမံကိန်းများကို အသေးစိတ် သုတေသနပြုနေသူ ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဌဟောင်းဖြစ်ပြီး ရန်ကုန်တွင် လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလိုသည်လည်း ဇွန်လ ၁၁ ရက်နေ့ အမေရိကန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်၌ပင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ကက်စတီလိုသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းက ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့အရေးတွင် အမေရိကန်က ပိုမိုတက်ကြွသော မူဝါဒများ ချမှတ်ရန်၊ အထူးသဖြင့် မြန်မာ့ရှားပါး မြေရှားဒြပ်စင်များနှင့် တရုတ်၏ ဘူမိနိုင်ငံရေးအရ စိတ်ဝင်စားမှုများကို တင်ပြဆွေးနွေးခဲ့သူ ဖြစ်သည်။

သူသည် မကြာသေးမီကလည်း မြန်မာနိုင်ငံတွင် ဖြတ်သန်းခဲ့ရသည့် ၎င်း၏အတွေ့အကြုံ စာအုပ်ကို မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု၏ “အကြီးမားဆုံး အကျိုးအမြတ်ရရှိသူ” ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးသည်။

ယခုဖမ်းဆီးမှုများသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ရက်ပိုင်းအလိုတွင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာတွင် အထီးကျန်နေသဖြင့် တရုတ်အစိုးရနှင့် ပိုမိုနီးကပ်သော မဟာမိတ်အဖြစ် တည်ဆောက်ရန် ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများကမူ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် အမေရိကန်နိုင်ငံသားများ ထိန်းသိမ်းခံရသည့် သတင်းများကို သိရှိထားကြောင်း ပြောကြားခဲ့သော်လည်း၊ ဖယ်ဒရယ် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုဥပဒေအရ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုများပေးရန် ဆောင်ရွက်လျက်ရှိကြောင်းသာ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article