ရန်ကုန်၊ ဇွန် ၁၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဗူးဘုရားဆိပ်ကမ်းမှ ပခုက္ကူမြို့နယ်ထဲသို့ စစ်တပ်က စက်လှေများဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာ ၅ ရွာမှ ပြည်သူထောင်ချီ ညတွင်းချင်း အရေးပေါ် ထွက်ပြေးရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ပုဂံဗူးဘုရားဆိပ်ကမ်းမှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲသို့ စက်လှေများဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ပြည်သူများ ညတွင်းချင်း ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသန်းထုမှုများနှင့် ပခုက္ကူမြို့နယ်ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် ပခုက္ကူမြို့နယ်၊ ဧရာ၀တီမြစ်ကမ်းဘေးနှင့် အနီးပတ်ဝန်းကျင်ရှိ ညောင်နီပင်ရွာ၊ ညောင်လှရွာ၊ အိုင်ကြီးရွာ၊ ငွေသောင်ရွာ နှင့် ချမ်းသာကြီးရွာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူတစ်ရပ်လုံးသည် ညတွင်းချင်းပင် အကုန်လုံး စုပြုံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
“ မနေ့ည ၈ နာရီမှာ ပုဂံဗူးဘုရားဆိပ်ကနေပြီးတော့ စက်လှေ ၃ စီးနဲ့ ခုည ၈း၀၀ နာရီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရတာ။ စက်လှေတွေ မဆိုက်ကပ်ခင် ပုဂံဗူးဘုရားဘက်ကနေ လက်နက်ကြီးနဲ့လည်း ရမ်းထုနေတော့ ည ၈ နာရီ မှောင်နဲ့မည်းမည်းကြီးကို ပြည်သူတွေ အကုန် ထွက်ပြေးကြရတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ပခုက္ကူမြို့နယ်ထဲသို့ ဝင်ရောက်နေပြီး လေကြောင်းကင်းထောက်မှုများ၊ ဒရုန်းဖြင့် ကင်းထောက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း၊ တော်လှန်ရေးတပ်များကလည်း စစ်ကြောင်းများ ဝင်ရောက်လာဖွယ်ရှိသည့် လမ်းကြောင်းများကို ကြိုတင်နေရာယူကာ စောင့်ဆိုင်းနေသဖြင့် စစ်ရေးအခြေအနေ အလွန်တင်းမာနေကြောင်း သိရှိရသည်




