25.7 C
Yangon

ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်ခြင်း၊ ပတ်စပို့အတုကိုင်ဆောင်ခြင်းနှင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၇

ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီခရိုင်အတွင်း အာရှလမ်းမကြီးပေါ်တွင် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ် သမားများကို တင်ဆောင်လာသည့် ကုန်ကားတစ်စီး စက်ပျက်၍ ရပ်ထားစဉ် ထိုင်းရဲတပ်ဖွဲ့က ကူညီရန် စစ်ဆေးရာမှ ကားနောက်ခန်းတွင် လိုက်ပါလာသော တရား မဝင် မြန်မာနိုင်ငံသား ၃၃ ဦးကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ဆူရတ်ထာနီခရိုင်ရှိ အာရှလမ်းမကြီးပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကုန်ကားတစ်စီး စက်ပျက်၍ ရပ်ထားစဉ် ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိရသဖြင့် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကူညီပေးရန် သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်စဉ် ယာဉ်မောင်းဖြစ်သူက သံသယဖြစ်ဖွယ် အပြုအမူများဖြင့် ပြောဆိုခဲ့သော ကြောင့် ရဲတပ်ဖွဲ့က ကားကို အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာတွင် အလုံပိတ်ထားသော ကားအနောက်ခန်းကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် ခရီးသွားလာခွင့် စာရွက်စာတမ်း တစ်စုံ တစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူသည်လည်း ယခင်က လူမှောင်ခိုမှုဖြင့် ဖမ်းဆီးခံရဖူးပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲသူတစ်ဦး ဖြစ်ကာ၊ ရဲတပ်ဖွဲ့က ၎င်းနှင့် ကုန်ကားကိုပါ သက်သေ ခံပစ္စည်းအဖြစ် သိမ်းဆည်းကာ ဥပဒေအရ ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ယာဉ်မောင်း၏ ဝန်ခံချက်အရ ၎င်းသည် အဆိုပါ မြန်မာ နိုင်ငံသား ၃၃ ဦးကို ရာ့တ်ချဘူရီခရိုင် (Ratchaburi) မှတစ်ဆင့် မလေးရှားနယ်စပ်အနီးရှိ ဆောင်ခလာခရိုင် (Songkhla)၊ ဟတ်ယိုင်မြို့နယ် (Hat Yai) အတွင်းသို့ ပို့ဆောင်ပေးရန် လူဦးရေအလိုက် အခကြေး ငွေရယူကာ သယ်ဆောင်လာခြင်းဖြစ်ပြီး၊ လမ်းတွင် ကားစက်ပျက်၍ ရပ်နားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူနိုင်ရန် သာချနားမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းကာ အမှုဖွင့်လှစ်ထားပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ထိုလူမှောင်ခိုမှုတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းတောင်ပိုင်းရှိ နောက်ကွယ်က ကွန်ရက်အဖွဲ့အစည်းများကိုပါ ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

အလားတူ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မဲဆောက်မြို့နယ်၊ မယ်ပကျေး ရွာအုပ်စု ဘန်ဟွေဟင်ဖွန် ပူးပေါင်းလုံခြုံရေးစစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စပို့) အတု ၁ အုပ်နှင့် ထိုင်းလဝက နေရပ်လိပ်စာပြောင်းလဲကြောင်း စာရွက် (TM.27) အတု ၁ စောင်တို့ကို ကိုင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသော အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသား ၁ ဦးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့နှင့် အလုပ်သမားရှာဖွေရေး ပူးပေါင်းအဖွဲ့သည် မဲဆောက်မြို့နယ်အတွင်း အာရှလမ်းမကြီးဘေးရှိ နာမည် ကြီးစားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ၊ အလုပ်လုပ်ခွင့်လက်မှတ် တစ်စုံ တစ်ရာမရှိဘဲ စားသောက်ဆိုင်တွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်နှင့် ၅၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃ ဦးကို နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်အသုံးပြုမှု၊ အစိုးရစာရွက်စာတမ်းအတု အသုံးပြုမှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် မဲဆောက်မြို့ရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်ဒေသတွင် စာရွက်စာတမ်းအတု ပြုလုပ်ပေးနေသည့် ပွဲစားကွန်ရက်များနှင့် တရားမဝင် အလုပ်သမားများ ငှားရမ်းထားသည့် ဆိုင်ပိုင်ရှင်များကိုပါ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article