25.7 C
Yangon

ရွှေကူမြို့တွင် စစ်တပ်က KIA/PDF ဝတ်စုံများဖြင့် တိုက်ပွဲဖော်ဆောင်နေ၊ ချင်းပြည်နယ် တောင်ပိုင်း တိုက်ပွဲများတွင်လည်း စစ်တပ်က အထိနာပြီး လေယာဉ်ဖြင့် လူအင်အားဖြည့်တင်း

Must read

ရန်ကုန်၊ ဇွန် ၁၇

ကချင်ပြည်နယ်၊ ရွှေကူမြို့အဝင်နှင့်မြို့အထွက်များတွင် စစ်တပ်က KIA/PDF ဝတ်စုံများ ဝတ်ဆင်ကာ သတင်းရယူခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ရွှေကူ PDF တပ်ရင်းက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်သည် မြို့အဝင်နှင့် မြို့ အ ထွက် များ၌ KIA/PDF ဝတ်စုံများဝတ်ဆင်ကာ သတင်းရယူခြင်း၊ ပုံမှားရိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက် စစ်တပ်သည် KIA/PDF ဝတ်စုံများကို ဝတ်ဆင် အသုံးပြုကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း အသိပေး ပြောဆိုထားသည်။

အကြမ်းဖက် စစ်တပ်၏ ရိုင်းစိုင်းယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြည်သူများအနေဖြင့် မြင်ကြားသိရှိခံစားနေရဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အသိ၊ သတိဖြင့် ဆင်ခြင်ကာ သွားလာနေထိုင်ကြရန်၊ အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့်ဝေးဝေးနေကာ ရှောင်ရှားနေထိုင်ကြရန် ရွှေကူ PDF တပ်ရင်းက တိုက်တွန်းထားသည်။

ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး ကျောက်ထုလေယာဉ်ကွင်းမှ တဆင့် စစ်အင်အားဖြည့်တင်းခြင်းနှင့် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ဆောမြို့နယ်၊ ကျောက်ထုလေယာဉ်ကွင်းအတွင်းသို့ မိတ္ထီ လာရှမ်းတဲလေးလေတပ်မှ တက်လာသော Y8 လေယာဉ်ဖြင့် အရာရှိ ၃ ဦးနှင့် ကွန်မန်ဒိုစစ်သား ၆၀ ဦးကို ဖြည့်တင်းခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သော စစ်သား ၃၈ ဦးကို ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

“ဒါက ၄ ကြိမ်မြောက်သယ်တာ၊ ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ဖော ကားတွေနဲ့တင်လာပြီးတော့ ကျောက်ထုလေယာဉ်ကွင်းကို ပို့တယ်။ အဲဒီကနေမှ Y8 လေယာဉ်နဲ့ မိတ္တီလာဆေးရုံကို ပို့နေတာ၊ အခုလိုပို့နေတာ စုစုပေါင်းဆိုရင် အယောက် ၂၀၀ လောက်ရှိပြီ။ ချင်း တောင်ပိုင်းတိုက်ပွဲတွေမှာ စခတွေ အတော်ထိနာနေတယ်။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၃ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ် -အမတ ၃၆၈ တပ်တွင်းသို့ မိတ္ထီလာလေတပ်မှ တက်လာသည့် Y-8 သယ်ယူပိုဆောင်ရေး လေယာဉ် တစ်စီးဖြင့် စစ်သား၊ လက်နက်ခဲယမ်းများဖြင့်တင်းခဲ့သလို ရှေ့မှ ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို လည်း ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ကလည်း မကွေးလေတပ်မှ တက်လာသည့် Y-8 Military Transport Aircraft ပို့ဆောင်ရေး လေယာဉ်တစ်စီးဖြင့် ကျောက်ထုလေယာဉ်ကွင်း အတွင်း သို့ ဆက်သက်ခဲ့ပြီး မင်းတပ်မြို့နယ်တိုက်ပွဲမျာအတွင်း၌ ဒဏ်ရာရရှိခဲ့သည့် စစ်သား ၄၀ ခန့်ကို သယ်ဆောင်သွားကြောင်း သိရသည်။

ထိုအပြင် ဇွန်လ ၅ ရက်နေ့လည်း မိတ္ထီလာမြို့မှ တက်လာသည့် Y-8 စစ်လေယာဉ်တစ်စီးသည် ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ်အတွင်း ဆင်းသက်ကာ မင်းတပ်တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိသည့် စစ်သား ၄၂ ဦးကို သယ်ဆောင်သွားကြောင်း၊ ထို့အပြင် မင်းတပ်မြို့နယ်တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ကျောက်ထုမြို့ရောက်ရှိချိန်သေဆုံးသွားသော စစ်သား ၄ ဦးကို ကျောက်ထုမြို့ သင်္ချိုင်း၌ မြှုပ်နှံပစ်ခဲ့ကြောင်း သိရသည်။

ချင်းတောင်ပိုင်းတိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်အလွန် အကျွံအသုံးပြုကာ နေ့စဉ်ရက်ဗုံးကျဲတိုက်ခိုက်နေပြီး ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင်ပင် ဗုံး အလုံး ၇၀ ခန့်ကျဲထားပြီးဖြစ်ကြောင်း၊ ယမန်နေ့ ဇွန်လ ၁၆ ရက် ညကလည်း မင်းတပ်မြို့ပေါ် တနေ ရာကို ၂ ကြိမ်၊ ဇွန် ၁၆ ရက်နံနက်ပိုင်းက မင်းတပ်မြို့နယ် အရှေ့ခြမ်း တနေရာကို ၄ ကြိမ် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းကို ၇ ကြိမ်၊ ဇွန်လ ၁၄ ရက်န့က ၅ ကြိမ်၊ ဇွန်လ ၁၃ ရက်နေ့က ၅ ကြိမ်၊ ဇွန်လ ၁၂ ရက်နေ့က ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အသုံးပြုခဲ့သော ဗုံးအမျိုး အစားများမှာ ဖျက်အားပြင် ပေါင် ၅၀၀ ဗုံးများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်လူထုကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ မပြတ် ထားရှိကြရန်နှင့် လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကို အထူးဂရုစိုက်နေထိုင်ပေးကြပါရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article