ရန်ကုန်၊ ဇွန် ၁၈
မြန်မာနိုင်ငံ၊ ရခိုင်ပြည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း ပဋိပက္ခများနှင့် မတည် ငြိမ်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်နိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် အဓိကစီမံကိန်းများ ဆက်လက်အကောင် အ ထည် ဖော်မည်ဖြစ် ကြောင်း ယမန်နေ့တွင် နှစ်နိုင်ငံပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အဓိကမဟာဗျူဟာမြောက် စီမံကိန်းကြီးများဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ တို့ တွေ့ဆုံအပြီး ထွက်ပေါ်လာသော အဆို ပါကြေညာချက်တွင် မြန်မာ့မြေပြင်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများအကြား တရုတ်-မြန် မာ စီးပွား ရေးစင်္ကြံ (CMEC) ဖော်ဆောင်မှုကို ရပ်တန့်မည်မဟုတ်ဘဲ အရှိန်မြှင့်လုပ် ဆောင် သွားမည့် သဘောထားကို ထုတ်ဖော်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံလုံးသည် အချင်းချင်း၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လှုပ်ရှားမှုမျိုးအတွက်မျှ နယ်မြေများကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိပြုခဲ့ကြပြီး၊ လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများအကြား စီမံ ကိန်းနယ်မြေများနှင့် လမ်းကြောင်းများ ဘေးကင်းလုံခြုံရေးကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်ဖက် သဘောတူညီချက်အရ ပဋိပက္ခများအကြား ရပ်တန့်လုနီးပါးဖြစ်နေသည့် အဓိကစီမံကိန်းကြီးများကို ဆက်လက်မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလမ်း ကြောင်းအတွက် အရေးပါသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အပြည့်အဝ အသုံးချပြီး နှစ်နိုင်ငံ လျှပ်စစ် ဓာတ်အားလိုင်း ချိတ်ဆက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ သတ္တုတွင်းလုပ်ငန်း၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) နည်းပညာနှင့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများမှတစ်ဆင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံတကာစင်မြင့်များဖြစ်သည့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် မြန်မာနိုင်ငံ၏ “အပြည့်အဝ၊ တန်းတူရည်တူရှိပြီး တည်ဆောက်မှုဆန်ဆန် ပါဝင်ခွင့်ရရှိရေး” ကိုလည်း ဆက်လက်ထောက်ခံသွားမည်ဟု ဆိုသည်။
ယင်းအပြင် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အဆင်ပြေမည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။




