ရန်ကုန်၊ ဇွန် ၁၈
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း တပ်တွင်း ဖရဲသီး၏ သတင်းပေးမှုဖြင့် စစ်တပ်စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးသူအောင်၊အခြားစစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်သော တော်လှန်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်တွင် တော်လှန်ရေးတပ်ပေါင်းစုက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် “Operation Su ” ဖြင့် တပ်တွင်း ဖရဲသီး၏ ကြိုတင်သတင်းပေးမှုဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ် ၃၀၃၆ မှ ဗိုလ်ကြီး ဖြိုးသူအောင် ဦးဆောင်သောစစ်အင်အား ၁၅ဦးနှင့် ယာဥ်တန်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးဖြိုးသူအောင်၊ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရှိရသည်။
“တပ်တွင်း ဖရဲသီးရဲ သတင်းပေးချက်အရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်တာပါ။ ဗိုလ် ကြီး ဖြိုးသူအောင်နဲ့ စစ်ဗိုလ် ၁ ဦးက သေဆုံးတဲ့အထဲပါတယ်။ သေဆုံးတဲ့အထဲမှာ အရာရှိ ၂ ဦးပါတာပါ။ ကျန်တာက စစ်သားတွေနဲ့ အခြားအဆင့်တွေ။ ပြည်သူတွေကိုပြောချင်တာက တော်လှန်ရေးကြာလို့ စိတ်ဓာတ်ကျစရာမလိုဘူး။ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးမှုတွေ အများကြီးလုပ်နိုင်နေပြီဆိုတာ အသိပေးချင်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-5 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၂၄၀ တောင့်၊ 9mm ကျည် ၂၀ တောင့်၊ MAကော်ဘောက် ၂ ခု၊ MAသံဘောက် ၁၄ ခု၊ MA-5ဘောက် ၂ခု၊ ငွေသားအချို့နှင့်ဆက်ဆက်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော ဆိပ်ဖြူမြို့နယ်အတွင်း စစ်ရေး တင်းမာမှုများရှိနေပြီး ပြည်သူများအနေဖြင့် သွားလာမည်ဆိုပါက မော်တော်ယာဉ်များကို မှန်ချ မောင်းနှင်ကြရန်၊ တော်လှန်ရေးတပ်များ၏ စစ်ဆေးမှုများ ကြုံတွေ့ရပါကလည်း အစစ်ဆေးခံ၍ ပူးပေါင်းဆောင်ရွက်ကြရန် ပြောဆိုသည်။
“တကယ်လို့ ကိုယ်သွားတဲ့ လမ်းမှာ တော်လှန်ရေးတပ်တွေနဲ့တွေ့ရင် ကားရပ်ပြီး စစ်ဆေးခံပါ။ တော်လှန်ရေးတပ်တွေ့က ပြည်သူလူထုကို စောင့်ရှောက်မယ့်သူတွေဖြစ်ပါတယ်။ ကားမှန်တွေကို ချပြီး မောင်းနှင်ပေးကြပါ။ စစ်ခွေးတွေက ပြည်သူပုံစံ အကာအကွယ်ယူပြီး ကားမှန်မချဘဲ သွားလာမောင်းနှင်နေကြလို့ဖြစ်ပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဆင်ရေးကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ၊ ပခုက္ကူခရိုင် ၊ အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ ၊ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါမစ်ရှင်အတွင်း စစ်တပ်ထံမှ အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်နိုင်ခြင်းမရှိသော်လည်း တော်လှန်ရေးတပ်များထံသို့ သတင်းကြိုတင်ပေးပို့သော တပ်တွင်းဖရဲသီးများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်ထားသည်။






