ရန်ကုန်၊ ဇွန် ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက တည် ဆောက်ပေးထားသည့် စစ်ဘေးရှောင်နေအိမ်များရှိရာနေရာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၈ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် လေကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အဆောက်အဦးအချို့ ပျက်စီးသွားခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိဘူး။ ဒါပေမယ့် နေအိမ်တော့ ပျက်စီးသွားတယ်။ ည ၁ နာရီ ဝန်းကျင်လောက်လာကျဲသွားတာပါ” ဟု ပြောကြားသည်။
အဆိုပါ နေရာမှာ ဂျပန်နီပွန်ဖောင်ဒေးရှင်းက တည်ဆောက်ပေးခဲ့သော စစ်ဘေးရှောင် အိမ်ရာနေရာဖြစ်ပြီး စစ်တပ်က စစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရာပါမကျန်ဗုံးကျဲလာခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုကြသည်။
“ရေးမြို့နယ် ချောင်းနှစ်ခွကျေးရွာကို ကျဲသွားတာက စစ်ဘေးရှောင်တွေနဲ့ ဒုက္ခ သည်နေတဲ့နေရာပေါ့။ ဒုက္ခသည်နေရာတောင် မရှောင်ဘူး” ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြပြော ဆိုသည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးကာလ ဂျပန်နီပွန်ဖောင်ဒေးရှင်းက မွန် ပြည်နယ်အတွင်း စစ်ဘေးရှောင်များအတွက် အထောက်အပံ့အဖြစ် ယင်းစစ်ဘေးရှောင် အိမ်ရာများကို တည် ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဂျပန်နီပွန်ဖောင်ဒေးရှင်းသည် အကြမ်းဖက်စစ်တပ်နှင့် အလွန်အဆင်ပြေသော ဂျပန်အခြေစိုက် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရခေတ်တွင် မြန်မာ့ငြိမ်းချမ်းရေးအတွက် ထောက်ပံ့မှုများစွာ အကူ အညီပေးခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။






