26.7 C
Yangon

တောင်သာတွင် စစ်တပ်က ပြည်သူ ၉ ဦးထက်မနည်းကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ ပွင့်ဖြူရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဇွန် ၁၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ပြည်သူ ၉ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၄ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးထားသည့်အပြင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အင်အား ၈၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဝဲလောင်တိုက်နယ်အတွင်းသို့ ဝင်ရောက်လာပြီး ကျောက်ပန်းတောင်း-တောင်သာနယ်စပ်၊ ငါးသရောက်-တောင်သာနယ်စပ်၊ ဝဲလောင်-တောင်သာလမ်းပိုင်းနှင့် ဘုရားလှကျေးရွာဘက်သို့ စစ်ကြောင်းများခွဲကာ နယ်မြေရှင်းလင်းရေးအမည်ဖြင့် ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့တွင် တောင်သာ-ဝဲလောင်လမ်းပိုင်းရှိ ကိုင်းချောင်းတံတားအနီး လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်စဉ် လမ်းသွားလမ်းလာ ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် အင်းတဲကျေးရွာမှ ၁၂ တန်းကျောင်းသား ၂ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နတ်စောင့်ကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

“စစ်ကောင်စီတပ် အင်အားက ၈၀၀ လောက်ရှိတယ်။ စစ်ကြောင်းတွေ ခွဲပြီး နေရာအနှံ့ စစ်ကြောင်းထိုးနေတာပါ။ ကိုင်းချောင်းတံတားအနီးမှာ ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့သလို အင်းတဲရွာက ၁၂ တန်းကျောင်းသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ထားတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က ဇွန်လ ၂ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလျက်ရှိပြီး ထန်းကျင်းကျေးရွာ၊ ကျားမတွင်းကျေးရွာ၊ ထန်းပင်ခြံကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့အပါအဝင် ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ကြောင်း၏ တစ်စိတ်တစ်ပိုင်း ပြန်လည်ဆုတ်ခွာသွားသော်လည်း ဝဲလောင်-တောင်သာ လမ်းပိုင်းတစ်လျှောက်၌ ဆက်လက်တပ်စွဲထားကာ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ အဆိုအရ ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်သည် တောင်သာမြို့နယ်ရှိ ဆည်ကုန်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာတောရိုး၊ သံချေးကုန်းကျေးရွာ၊ ရုံးစည်ကြီးကျေးရွာ၊ သံဘိုကျေးရွာနှင့် ခလဗျားကျေးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ဖူးကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံထောင်နှင့်ချီ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ပွင့်ဖြူမြို့ရှိ ဝါစိုက်ပျိုးရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောင်ပင်စောက်ကျေးရွာနှင့် မုန်းဇလဲကျေးရွာများဘက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ ညောင်ပင်စောက်နဲ့ မုန်းဇလဲကျေးရွာက ပြည်သူထောင်နဲ့ချီပြီး ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါဒေသများ၌ စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ဒေသခံများမှာ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article