ရန်ကုန်၊ ဇွန် ၁၈
မြန်မာအမျိုးသမီးလိဂ်တွင် ပြိုင်ပွဲဝင်နေသော စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနပိုင် “သစ္စာအားမာန်” အမျိုးသမီးဘောလုံးအသင်းတွင် ကစားသမားများကို မည်သည့်ထောက်ပံ့မှုမျှ မလုပ်ပေးသည့်အပြင် ထမင်းပင်နပ်မှန်အောင်မကျွေးဘဲ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းနေကြောင်း အသင်း၏နောက်ခံလူ ဒီဇင်ဘာနှင်းက ရုပ်သံအင်တာဗျူးတွင် ဖွင့်ချပြောဆိုလိုက်သည်။
ဇွန်လ ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၁) ၏ နောက် ဆုံးပွဲစဉ်တွင် သစ္စာအားမာန်အသင်းသည် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းကို ၄ ဂိုး – ဂိုးမရှိဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။
အဆိုပါ ပွဲပြီးရုပ်သံအင်တာဗျူးတွင် သစ္စာအားမာန်အသင်း နောက်ခံလူ ဒီဇင်ဘာနှင်းက ၎င်းတို့အသင်း ကြုံတွေ့နေရသည့် ဝတ်စုံထောက်ပံ့မှုမရှိခြင်း၊ စားသောက်ရေး အခက်အခဲများနှင့် လေ့ကျင့်ရေးပိုင်း ပြင်ဆင်မှု အားနည်းချက်များကို ထုတ်ဖော်ရင်ဖွင့်ခဲ့သည်။
“အားနည်းတာကတော့ အများကြီးပါပဲ။ အသင်းဘက်က ဝတ်စုံတွေဘာတွေကအစ အကုန် လုံးပေါ့၊ ထောက်ပံ့မှုမရှိဘူး။ အခုထမင်းစားရပြီး နောက်နေ့ကျ ထမင်းမစားရတဲ့နေ့တွေတောင်ရှိတယ်။ Training ကာလမှာ ကိုယ့်ဘာသာကိုယ် ကိုယ့်ထမင်းကိုယ်စားပြီး လေ့ကျင့်ရေးဆင်းခဲ့ရတာတွေရှိတယ်။ အားနည်းချက်တွေက အများကြီးပါပဲ။ လူလည်းမရှိဘူး။ လေ့ကျင့်ရေးတောင် တစ်ရက်တစ်ကြိမ် မနည်းနပ်မှန်အောင် ဆင်းနေရတာ။ သူများတွေလို ကွင်းထဲမှာဆို ဘာမှလူလဲစရာမရှိဘူး။ ကစားပုံလွဲတာကတော့ သေချာလေး လေ့ကျင့်ရေးမလုပ်ဖြစ်လို့ ထင်ပါတယ်။ ပြီးတော့လည်း ဒီလက်ရွေးစင်တွေက သေချာလေး မပူးပေါင်းရသေးဘူးပေါ့။ အဲဒီလိုမျိုး လေ့ကျင့်ရေးတွေ သေချာမဆင်းရသေးတာ ရှိနေတယ်။ အသင်းဖော်တွေကတော့ အကုန်လုံး ကြိုးစားကြပါတယ်” ဟု နောက်ခံလူ ဒီဇင်ဘာနှင်းက ပြောကြားခဲ့သည်။
သစ္စာအားမာန်အသင်းသည် မြန်မာအမျိုးသမီးလိဂ်တွင် ပုံမှန်အားဖြင့် အဆင့် ၁ မှ အဆင့် ၃ အတွင်း အမြဲဝင်ရောက်လေ့ရှိသည့် အသင်းကြီးတစ်သင်းဖြစ်ပြီး မြန်မာလက်ရွေးစင်ကစားသမား အများစု ပါဝင်နေသော်လည်း ယခုရာသီသစ် အဖွင့်ပွဲတွင်မူ စီမံခန့်ခွဲမှု အား နည်းချက်များကြောင့် ဂိုးပြတ်အရှုံးနှင့် စတင်ခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာအမျိုးသမီးလိဂ်သည် ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့သဖြင့် ယခုကျင်းပမည့် ၂၀၂၆-၂၀၂၇ ရာသီတွင် ဆုကြေးငွေများကို သိသိသာသာ တိုးမြှင့်ထားကြောင်း သိရသည်။
ပြိုင်ပွဲ၏ ချန်ပီယံအသင်းကို ငွေကျပ်သိန်း ၁,၀၀၀ အထိ ချီးမြှင့်မည်ဖြစ်ပြီး အဆင့် ၁၀ အထိ အနည်းဆုံး ငွေကျပ် ၇၅ သိန်းအထိ ရရှိမည် ဖြစ်သည်။
ထို့ပြင် ပြိုင်ပွဲဝင်အသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပရော်ဖက်ရှင်နယ်စံနှုန်းများ မြှင့်တင်ရန် ရည်ရွယ်၍ ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ စီ ကို ကြိုတင်ထောက်ပံ့ပေးထားသည့်အပြင်၊ သတ်မှတ်ချက် criteria များနှင့် ညီ ညွတ်ပါက ကလပ်ဖွံ့ဖြိုးရေးထောက်ပံ့ကြေး (Club Development Subsidy) အဖြစ် အများ ဆုံး ငွေကျပ်သိန်း ၂၀၀ အထိ ထပ်မံထောက်ပံ့ပေးရန် ကြေညာထားသည်။
သို့သော်လည်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ သစ္စာအားမာန်အသင်းသည် အဆိုပါ သိန်းရာချီသည့် လိဂ်ထောက်ပံ့ကြေးများကို ကစားသမားများထံ ထိရောက်စွာ အသုံးမပြုဘဲ ဝတ်စုံနှင့် အခြေခံစားသောက်ရေး ထမင်းတစ်နပ်စာကိုပင် စနစ် တကျ စီမံပေးခြင်းမရှိဘဲ ကစားသမားများကို ပစ်ပယ်ထားကြောင်း သိရှိရသည်။




