ရန်ကုန်၊ ဇွန် ၂၀
ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ် (Julie Bishop) က တရားဝင် ခေါ်ဝေါ်သုံးစွဲလိုက်သည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် မြန်မာ့အရေး အစီရင်ခံတင်ပြစဉ် ဂျူလီဘစ်ရှော့ပ်က ထိုသို့ သုံးစွဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးရန် ၎င်းက တောင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသရွေ့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆီသို့ တိုးတက်မှု မရှိနိုင်ကြောင်း ဂျူလီဘစ်ရှော့ပ်က ပြတ်ပြတ်သားသား သတိပေး ပြောဆိုသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းထားမှုမှ လွတ်မြောက်ခွင့်ပေးသော ကြေညာချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစပြုခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်မည်ဟု မျှော်လင့်ချက်များ ပေါ်ပေါက်စေခဲ့သော်လည်း၊ လွတ်မြောက်မှုအပေါ် ကန့်သတ်ချက်များစွာ ပါရှိနေခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ လျော့နည်းသွားခဲ့ရကြောင်း ဝေဖန်ပြောဆိုသည်။
၎င်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို နေပြည်တော်အာဏာပိုင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများ၏ ဆန္ဒမဲဖြင့် ပြန်လည်ရွေးချယ်ခံခဲ့ရသူဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်သည့် အကျဉ်းချခံထားရမှုကို ကြုံတွေ့နေရကြောင်း ထောက်ပြခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကို နှစ်ပေါင်းများစွာ မရရှိခဲ့ပါဘူး။ ဒီနေ့ဟာ သူမရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာ ကျွန်မနဲ့အတူ အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ဂျူလီဘစ်ရှော့ပ်က ကုလသမဂ္ဂညီလာခံတွင် တိုက်တွန်းပြောကြားသည်။ ထို့ပြင် မြန်မာ့နိုင်ငံရေးတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသရွေ့ ငြိမ်းချမ်းရေးဆီသို့ တိုးတက်မှုများ မရှိနိုင်ကြောင်း ၎င်းက ထပ်လောင်း အသိပေးခဲ့သည်။
ယခုနှစ် မေလအတွင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် မင်းအောင်လှိုင်က စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပါဝင်သည့် “ရက် ၁၀၀ စီမံကိန်း” ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်ထားကြောင်း ပြောဆိုခဲ့သော်လည်း၊ စစ်ကောင်စီဘက်မှ စစ်ဆင်ရေးများကို အရှိန်မြှင့် ဆက်လက်လုပ်ဆောင်နေချိန်တွင် ယင်းသို့ ဆွေးနွေးပွဲခေါ်ယူမှုများအပေါ် သက်ဆိုင်သူများက လုံးဝယုံကြည်မှု မရှိကြကြောင်း ၎င်းက မင်းအောင်လှိုင်ကို ပြန်လည်အသိပေး ထောက်ပြခဲ့သည်ဟု ဆိုသည်။
အလားတူ စစ်ကောင်စီသည် အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် အစိုးရအဖြစ် ရပ်တည်နေစဉ် သံတမန်ရေးဆိုင်ရာ ဆက်ဆံမှုများမှတစ်ဆင့် တရားဝင်မှု ရရှိနိုင်မည်လားဆိုသည့် မေးခွန်းများလည်း နိုင်ငံတကာတွင် ရှိနေကြောင်း ၎င်းက ညီလာခံ၌ တင်ပြခဲ့သည်။
အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တွင် ဖော်ပြထားသည့်အတိုင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်မံအတည်ပြုကြောင်း ပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ညှိနှိုင်းဆွေးနွေးထားသည့် နိုင်ငံရေးအဖြေတစ်ရပ် မပေါ်ပေါက်သေးသရွေ့ နိုင်ငံ၏ လူမှုစီးပွားအခြေအနေများသည် ဆက်လက်ဆိုးရွားနေဦးမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။




