ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ဈေးရောင်းသည့် ဒေါ်မိုးမိုးကို အကြမ်းဖက် စစ်တပ်က လက်ထိပ်ခတ်၍ ဖမ်းဆီးသွားပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ တစ်နိုင်ငံအတိုင်းအတား ဆင်နွှဲသည့် နှင်းဆီလှုပ်ရှားမှုကြောင့် အကြမ်းဖက် စစ်တပ်က မြန်မာအနှံ့တွင် နှင်းဆီပန်းကိုင်ဆောင်သူများနှင့် ပန်ဆင်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ကုန်ခြောက်ရောင်းသည့် ကုန်စုံဆိုင်ပိုင်ရှင် စျေးသည် ဒေါ်မိုးမိုး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိင်္န မင်္ဂလာဒုံဈေးရှိ ၎င်းပိုင်ဆိုင်သော ကုန်စုံဆိုင်တွင် အကြမ်းဖက် စစ်တပ်သည် ဒေါ်မိုးမိုးကို လက်ထိပ်ခတ်၍ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ ယနေ့ အချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ဒေါ်မိုးမိုးသည် နေ့စဉ် နှင်းဆီပန်းပန်ခြင်း၊ ဘုရားပန်းအိုးတွင် နှင်းဆီပန်းထိုးခြင်းများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။
“မင်္ဂလာဒုံဈေးထဲမှာ မနေ့က နံနက်က နှင်းဆီပန်းပန်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် မမိုးမိုးကို စစ်ခွေးတွေက လာရောက်ဖမ်းဆီးပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားပါတယ်။ မမိုးမိုးကိုလည်း ပြစ်မှုအကြီးကြီး ကျူးလွန်ထားသလိုပဲ လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။ ဒီနေ့အထိ ပြန်မလွတ်သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တောင်ကြီးမြို့နယ်တွင် ယမန်နေ့ကလည်း နွယ်နွယ် အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး နှင်းဆီပန်းနီကို ကိုင်ဆောင်ကာ “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့သောကြောင့် အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ် ကို စစ်တပ်က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင် ချမ်းအေးရပ်ကွက် ၃၆(A) လမ်းနှင့် ၇၀(A) လမ်းထောင့်ရှိ ရတနာဝင်းအိမ်ဆိုင်မှ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးဖြစ်သူ မဇင် (ခေါ်) မိဇင် တို့သည် နှင်းဆီပန်းပန်ဆင်ကာ အောင်တော်မူဘုရားသို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း၊ မုံရွာမြို့တွင်လည်း ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ဆိုင်၌ ဘုရားစင်ပေါ်တွင် နှင်းဆီပန်းများ ကပ်လှူထားသည်ကို တွေ့ရှိပြီးနောက် ဆိုင်ပိုင်ရှင်ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်




