ရန်ကုန်၊ ဇွန် ၂၀
အာရက္ခဒေသ၊ ကျောက်တော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အသက် ၆၂ နှစ်အရွယ် ပိုက်သည်ရပ်ကွက်မှ အမျိုးသမီးကြီး ဒေါ်မအေးလှသည် ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၁၇ ရက်နေ့ စစ်တပ်က ကျောက်တော်မြို့ပေါ်သို့ စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နေရာတင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ယခုအခါ ဆေးကုသမှုခံယူနေသည့် ဒေါ်မအေးလှ ထပ်မံသေဆုံးသွားခြင်းကြောင့် ယခုလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာပြီဖြစ်သည်။
စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲခံရမှုအတွင်း အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ဂျက်ဖိုက်တာ ၄ စီးဖြင့် တစ်နာရီနီးပါးကြာအောင် ကျောက်တော်မြို့ပေါ် ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာရှိ ဈေးဆိုင်တန်းများကို ၂ ကြိမ်ခွဲ၍ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ ပထမအကြိမ်တိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာ ၂ စီးက ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာ ၅ ခုသို့ ပေါင် ၅၀၀ ဗုံး ၃ လုံးနှင့် ရော့ကတ် ၁၃ လုံး ပစ်ခတ်ခဲ့သည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်မူ ဂျက်ဖိုက်တာ ၂ စီးဖြင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်သို့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံးနှင့် ရော့ကတ် ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များနှင့် ယာယီဈေးဆိုင်တန်းများအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း နှစ်သောင်းခွဲကျော်ရှိကြောင်း သိရသည်။
စစ်တပ်က ကျောက်တော်မြို့အပြင် အခြားသောမြို့နယ်များကိုလည်း လေကြောင်း၊ ရေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
အလားတူ ဇွန်လ ၁၄ ရက် ည ၁၂ နာရီခန့်တွင် ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင် ကျောင်းဆောင်များနှင့် နေအိမ်အချို့ ပျက်စီးကာ နွား ၁ ကောင် သေဆုံးခဲ့သည်။
ဇွန်လ ၁၅ ရက် ည ၇:၁၅ နာရီခန့်တွင်လည်း ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဇွန်လ ၄ ရက် ညနေပိုင်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ရေနံတူးရာအနီးသို့ အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် နွား ၂ ကောင် သေဆုံးခဲ့သည်။ အလားတူ ဇွန်လ ၆ ရက် ည ၁၁:၃၀ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာနှင့် ဘယာကျေးရွာတို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးကာ နွား ၃ ကောင် သေဆုံးခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ဇွန်လ ၇ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း သွားလာနေသည့် ခရီးသွားပြည်သူများကို စစ်သင်္ဘောပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်ခဲ့သဖြင့် ပြည်သူအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ပြန်လာသည့် ကုန်ပစ္စည်းတင် မော် တော်ဘုတ်တစ်စီးကို စစ်သင်္ဘောက ဖမ်းဆီးခဲ့ပြီး မော်တော်ပေါ်တွင် လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်






