ရန်ကုန်၊ ဇွန် ၂၀
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်လှည့်ကင်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့တွင် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းနှင့် မျှော်တော်တောင်ဘုရား ကုန်းပေါ်မှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၁ ရဲဘော်များက အောင်ရတနာဈေးတန်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကာ စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ်ရှိ ညောင်လှကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တပ် ကျဲချသောဒရုန်းဗုံး ထိမှန်ပြီး တောင်ညိုကွက်သစ် ညောင်လှ ၅လမ်းတွင် နေထိုင်သော အသက် ၆၀ နှစ်အရွယ် ဦးအေး၊
တောင်ညိုကွက်သစ် ညောင်လှ ၈ လမ်းတွင်နေထိုင်သော အသက် ၇၅ နှစ်အရွယ် ဦးစိုးကြီး နှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်မထွေးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တောင်ညိုကွက်သစ် ညောင်လှ ၈ လမ်းတွင်နေထိုင်သော အသက် ၅၂ နှစ်အရွယ် ဒေါ်မြ နှင့် သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် မစုစုစမ်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် နတ်တလင်းမြို့နယ် ကျောက်ခွက်ရွာမှ ပြည်သူ ၂ ဦး နှင့် ကျောက်စွယ်ရွာမှ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားပြီးတော့ ရွာထဲကို ဒရုန်းတွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ စစ်ခွေးတွေ ကျဲချတဲ့ ဒရုန်းဗုံး ထိမှန်ပြီးတော့ ပြည်သူ ၃ ဦးသေဆုံးတယ်။ သားအမိ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရပါတယ်။ အခုက ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက သူတို့ မသင်္ကာတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇွန်လ ၁၀ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာ အောင်သုခ စက်လှေဆိပ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အိမ်ထောင်သည် အမျိုးသမီး မတင်မာဆွေကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ကျွန်းခင်းထဲတွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




