ရန်ကုန်၊ ဇွန် ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးအကျဉ်းချထားခြင်းသည် နိုင်ငံတော်လုပ် ကြံမှု တစ်ရပ်ဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားကို စစ်ဖိနပ်ဖြင့် နင်းခြေဖျက်ဆီးလိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း ယာယီသမ္မတ ဒူဝါလရှီးလက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ ရွေးချယ်မှုနှင့် ဆန္ဒသဘောထားကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချတာဟာ နိုင်ငံတော်လုပ်ကြံမှု မြောက်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒသဘောထားကို စစ်ဖိနပ်နဲ့ နင်းခြေပစ်လိုက်လို့ ရတယ်ဆိုတဲ့ လုပ်ရပ်ကို သက်သေပြနေတာဖြစ်ပါတယ်” ဟု သမ္မတဒူဝါလရှီးလက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိဘဲ မွေးနေ့အခမ်းအနား ကျင်းပရသည်မှာ ငါးနှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ယင်းကာလသည် ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း အခက်ခဲဆုံးနှင့် အကြမ်းတမ်းဆုံးသော ကာလများဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၏ သင်္ကေတတစ်ခုဖြစ်သလို အကြမ်းမဖက်တော်လှန်ရေး၏ ကိုယ်စားပြုခေါင်းဆောင်တစ်ဦးလည်း ဖြစ်ကြောင်၊ ထို့ပြင် လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကြောက်ရွံ့မှုမှ လွတ်မြောက်ရေးစသည့် ဒီမိုကရေစီတန်ဖိုးများကို မြန်မာပြည်သူများအတွင်း အမြစ်တွယ်စေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သူဖြစ်ကြောင်းလည်း သူက ထည့်သွင်းပြောကြားသည်။
“အာဏာသည် ပြည်သူ့ထံက ဆင်းသက်ရမည်ဆိုတဲ့ ဒီမိုကရေစီအယူအဆကို ဒေါ်အောင်ဆန်းစုကြည်က သူ့ဘဝတစ်ဝက်ကျော် အချိန်ပေးပြီး တည်ဆောက်ခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေးအနေဖြင့် နိုင်ငံရေး၊ လူထုလှုပ်ရှားမှုနှင့် လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းများကို ပေါင်းစပ်အသုံးပြုနေရခြင်းမှာ လက်ရှိစစ်အာဏာရှင်စနစ်ကို ဖြိုဖျက်နိုင်ရန် လိုအပ်ချက်အရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယခင်စစ်အစိုးရများထက် လက်ရှိစစ်ခေါင်းဆောင်များက ပိုမိုဖိနှိပ်ရက်စက်မှုများ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အနုနည်းနှင့် အကြမ်းနည်း နှစ်မျိုးစလုံးကို ပေါင်းစပ်အသုံးပြုကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်အုပ်စုသည် ပြည်သူလူထု၏ စုစည်းညီညွတ်မှုကို ကြောက်ရွံ့သည့်အတွက် ပြည်သူများကို စုစည်းပေးနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် ပြည်သူ့အာဏာကို ပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်ရေး၊ ပြည်သူများနှင့် ၎င်းတို့၏ ခေါင်းဆောင်များ ပြန်လည်ဆုံစည်းနိုင်ရေးအတွက် အလေးအနက် ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။
လာမည့်နှစ်များတွင် မွေးနေ့ရှင်မပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများ ထပ်မံမကျင်းပရတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ပြန်လည်ဆုံတွေ့နိုင်မည့်နေ့ အမြန်ရောက်ရှိလာစေရန် မျှော်လင့်ကြောင်း သူက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး အကျဉ်းချထားခြင်းဖြစ်သည်။




