25.9 C
Yangon

ပခုက္ကူ အခြေစိုက် ခလရ ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး COBRA ONE တပ်ဖွဲ့ထံသို့ အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ပေါ်ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာကြောင်း COBRA ONE Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ စစ်မှုထမ်းတပ်သားသစ် ပေါ်ဦးသည် COBRA ONE တပ်ဖွဲ့ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အလင်းဝင်လာသူ စစ်မှုထမ်းတပ်သား ပေါ်ဦးသည် စစ်မှုထမ်းအပတ်စဉ် ၂၃ (ရကသ-၂) ရဲမွန်သင်တန်းဆင်းတစ်ဦးဖြစ်ပြီး၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်စစ်မှုထမ်းသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူ တပ်သားသစ်သည် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့တွင် နေထိုင်သူဖြစ်ပြီး၊ အလုပ်မှအပြန်တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

စစ်မှုထမ်တပ်သား ပေါ်ဦးသည် ရဲမွန်သင်တန်းကျောင်းမှတစ်ဆင့် ပခုက္ကူမြို့သို့ ပို့ဆောင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ရခိုင်စစ်မြေပြင်သို့ ထပ်မံစေလွှတ်ရန် စီစဉ်နေစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သေနတ်တော့ ပါမလာဘူး။ လက်နက်ယူဆောင်လာရင်တော့ ဆုကြေးငွေ ချီးမြှင့်မှာပါ။ အခုတော့ လမ်းစရိတ်တွေပဲ ကူညီပေးထားပါတယ်။ ကျွန်တော်တို့ ချစ်ရပါသော ပြည်သူများ အသွားအလာ ဂရုစိုက်ကြပါ။ အခုဆို လူငယ်တွေတင်မကတော့ဘူး၊ အသက်ကြီးတဲ့သူတွေနဲ့ မိန်းကလေးတွေကိုပါ ဆွဲနေပါပြီ။ အထူးဂရုစိုက်ကြဖို့ ပြည်သူများကို ပြောချင်ပါတယ်” ဟု COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေ ဟောက်က ပြောဆိုသည်။

စစ်တပ်က လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းများပေးပြီးနောက် အာရက္ခတပ်တော် (AA) ရှိရာ ရခိုင်စစ်မြေပြင်သို့ စေလွှတ်လျက်ရှိကြောင်း သိရသည်။

အမှန်တကယ် လွတ်မြောက်လိုသော စစ်မှုထမ်း တပ်သားသစ်များအနေဖြင့် လက်နက်နှင့်တကွ ယူဆောင်လာနိုင်ပါက ဆုငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း COBRA ONE အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

‘ပြည်သူ့ပန်းတိုင်’ အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ စစ်ကောင်စီတပ်ဘက်မှ အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃,၄၅၆ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article