26.9 C
Yangon

ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ် နှင်းဆီလှုပ်ရှားမှုကြောင့် တော်လှန်ရေး အနိုင်ရမည်ဟု ထုတ်ပြန်ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၂၂

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ် ရှားမှု (Rose Movement) တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူလူထုတစ်ရပ်လုံးအား ကျေးဇူးတင်ရှိပြီး ယခုကဲ့သို့ ဆက်လက်ပါဝင်နေခြင်းကြောင့် တော်လှန်ရေး အနိုင်ရမည်ဖြစ်ကြောင်း People Movement Platform – Myanmar မှ မလင်းလက်ဆူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၉ ရက်နေ့ မြန်မာပြည်သူတစ်ရပ်လုံး၏ အလေးအမြတ်ထားရာ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပြီး အဆိုပါ အမှတ်တရနေ့တွင် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေကြသည့် ပြည်သူလူထုတစ်ရပ်လုံးက အင်အားကောင်းမွန်စွာ၊ စည်းလုံးညီညွတ်စွာဖြင့် နှင်းဆီလှုပ်ရှားမှုတွင် တစ်ခဲနက် သောင်းသောင်းဖြဖြ ပါဝင်ဆင်နွှဲခဲ့ကြသည်။

People Movement Platform – Myanmar မှ မလင်းလက်ဆူးက “ပြည်သူလူထုက ဖိနှိပ်မှုမျိုးစုံကြားက ငုံမခံဘဲ တုန့်ပြန်မှုကို ပြသကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံနေမှုကိုလည်း ပြသတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြပေးရန်နဲ့ လွှတ် ပေးရန်အတွက် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုအတွက် ဖိအားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တပွင့်ချင်းစီအလိုက် နှင်းဆီပန်းတွေဟာ အကြမ်းဖက်စစ်အုပ်စုအတွက် လူထုရဲ့အသံ လက်နက်တွေ ဖြစ်ကြောင်းလည်း တင်စားလိုပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူလူထုအားနဲ့ စတင်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ဆက်လက်ပါဝင်နေခြင်းကပဲ တော်လှန်ရေးအတွက် အနိုင်ရမှာဖြစ်ပါတယ်လို့ ကျေးဇူးတင် ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။”ဟု ပြောဆိုသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် လေးစားယုံကြည်မှု၊ ချစ်ခင်မြတ်နိုးမှုနှင့် ထောက် ခံအားပေးမှုများသည် မည်သည့်အခါမျှ လျော့နည်းသွားခြင်းမရှိသည်ကို ပြည်သူလူထုက ပြသခဲ့ကြကြောင်း၊ ခက်ခဲကြမ်းတမ်းသော ကာလများကို ဖြတ်သန်းခဲ့ရသော်လည်း မြန်မာပြည်သူများသည် ဖိနှိပ်အုပ်ချုပ်မှုများ၏ ရှေ့မှောက်တွင် မိမိတို့၏ ကြံ့ခိုင်မှု၊ တော်လှန်ရေးစိတ်ဓာတ်နှင့် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်တို့ကို လက်မလျှော့ခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်၏ လူထုအပေါ် ရည်ရွယ်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ဖိအားပေးမှုများနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ၎င်းတို့၏ ရပ်တည်ချက်ကို တည်ကြည်ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း၊ ယခုနှင်းဆီလှုပ်ရှားမှုတွင် တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြခြင်းက ထိုသန္နိဋ္ဌာန်နှင့် မြန်မာပြည်သူတို့၏ မကျိုးမပဲ့နိုင်သော အင် အားကို ထပ်မံပြသနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

စစ်တပ်က ငြိမ်းချမ်းစွာ ဖော်ထုတ်သည့် လူထုလှုပ်ရှားမှုအပေါ် မုံရွာ၊ ရန်ကုန်၊ မန္တလေးနှင့် ၎င်းတို့ထိန်းချုပ်ထားသော ဒေသအသီးသီးတွင် ပန်းသည်များ၊ ပန်းဝယ်ယူသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ နှင်းဆီပန်းနှင့် ပို့စ်တင်သူ၊ မွေးနေ့ဆုတောင်းသူများကိုလည်း မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများကို လူမဆန်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။ စစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို တရားဝင်မှုရရှိရန် “ငြိမ်းချမ်း‌ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်” ဟူသော စကားလုံးများကို တဖွဖွ ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ ဖိနှိပ်ရန်သာ ကြိုးပမ်းနေသည်ကို ယခုဖြစ်စဉ်များက ထပ်မံသက်သေပြနေကြောင်း People Movement Platform – Myanmar က ထောက်ပြထားသည်။

နှင်းဆီလှုပ်ရှားမှုကြီးမှတစ်ဆင့် တစ်ပြည်လုံးရှိ ပြည်သူလူထု၏ သဘောထားဆန္ဒ ၃ ရပ် ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ရန်၊ အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာပြည်၏ သမ္မတကြီးသည် ဦးဝင်းမြင့်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟူသော အချက်များကို တခဲနက် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

People Movement Platform – Myanmar အနေဖြင့် အရဲရင့်ဆုံးနှင့် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ကြသည့် ပြည်သူတစ်ရပ်လုံးကို ငြိမ်းချမ်းသော၊ ဒီမိုကရေစီစနစ်အခြေပြုသော၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တော်လှန်ရေးခရီးလမ်း၏ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ရပ်အဖြစ် လေးနက်စွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ခဲ့ခြင်းသည် ဤသမိုင်းဝင် လှုပ်ရှားမှု၏ အောင်မြင်မှုအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People Movement Platform – Myanmar က ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article