ရန်ကုန်၊ ဇွန် ၂၃
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို ရိုက်နှက်ပေါ်တာဆွဲ ဖမ်းဆီးစဉ် အသက် ၁၇ နှစ်အရွယ် မောင်ကျော်သီဟသေဆုံးသွားခဲ့ပြီး ပေါ်တာဆွဲခံခဲ့ရသော လူငယ်များကိုလည်း ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် မိဘများက ရွေးယူခဲ့ရကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုများထံမှ သိရှိရသည်။
ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က နတ်တလင်းမြို့နယ်၊ ကျောက်စွယ်ရွာမှ လူငယ် ၂ ဦးနှင့် ကျောက်ခွက်ရွာမှ လူငယ် ၂ ဦးတို့ကို စစ်မှုထမ်အးဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရာတွင် အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။
ယင်းသို့ ဖမ်းဆီးခံရသူ လူငယ် ၄ ဦးအနက် ကျောက်စွယ်ကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် မောင်ကျော်သီဟသည် စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့ရသည်။
ကျန်ရှိသည့် ဖမ်းဆီးခံရသူ လူငယ် ၃ ဦးအနက် ၂ ဦးမှာ ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ရွေးယူ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန် ၁ ဦးမှာမူ လာရောက်ရွေးထုတ်နိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်းအဖြစ် စစ်တပ်ထဲသို့ အတင်းအဓမ္မ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ရှားစေးဖိုကျေးရွာမှ လူငယ် ၂ ဦး၊ စံကြီးလောင့်ကျေးရွာမှ လူငယ် ၁ ဦးနှင့် ကျွန်းလေးပင်ကျေးရွာမှ လူငယ် ၁ ဦး စုစုပေါင်း လူငယ် ၄ ဦးတို့ကို စစ်တပ်နှင့် ပျူစောထီးများက ထပ်မံ၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြန်သည်။
ယင်းသို့ ထပ်မံဖမ်းဆီးခံရသည့် လူငယ် ၄ ဦးကိုလည်း မိသားစုဝင်များက ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ စီ ပေးဆောင်၍ အခက်အခဲကြားမှ ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။
” ဇွန်လ ၁၇ ရက်နေ့က စစ်ခွေးတွေ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်လို့ ဦးမြင့်လွင် (နုတ်ခမ်းမွှေး)ရဲ့ သား မောင်ကျော်သီဟက သေဆုံးတာ။ ကျန်တဲ့ ၃ ဦးထဲက ၂ ဦးက ငွေနဲ့ ရွေးထုတ်လို့ လွတ်မြောက်ခဲ့ပေမယ့် ကျန် ၁ ဦးကတော့ စစ်မှုထမ်းထဲ ပို့လိုက်တယ်လို့ သိရတယ်။ အဲ့ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာ ပြည်သူ ၄ ဦးကို ထပ်ဖမ်းတယ်။ အဲလိုတာက ပေါ်တာဆွဲ ဖမ်းဆီးတာ။ အဲ့ ၄ ဦးကို ငွေကျပ် သိန်း ၁၀၀ နဲ့ ပြန်ရွေးရတယ်လို့ သိရတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်နှင့် ပျူစောထီးများပူးပေါင်းကာ စစ်မှုထမ်းကြေးအဖြစ် လစဉ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၆ သောင်း ကောက်ခံနေပြီး၊ အကယ်၍ နိုင်ငံခြားသွားသော လူငယ်များ၏ နေအိမ်များကိုမူ တစ်လလျှင် ငွေကျပ် ၁ သိန်းနှုန်းအထိ စစ်မှုထမ်းကြေးအဖြစ် မတရား ကောက်ခံနေကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က နတ်တလင်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများကို ဗုံးကျဲမှုများ လုပ်ဆောင်နေပြီး ဇွန်လ ၁၆ ရက်နေ့ နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ်ရှိ ညောင်လှကျေးရွာသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ယင်းသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ညောင်လှ ၅ လမ်းတွင် နေထိုင်သော အသက် ၆၀ နှစ်အရွယ် ဦးအေး၊ ညောင်လှ ၈ လမ်းတွင် နေထိုင်သော အသက် ၇၅ နှစ်အရွယ် ဦးစိုးကြီး နှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်မထွေး တို့သည် ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
၎င်းအပြင် ညောင်လှ ၈ လမ်းတွင် နေထိုင်သည့် အသက် ၅၂ နှစ်အရွယ် ဒေါ်မြ နှင့် သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် မစုစုစမ်း တို့လည်း ဗုံးစထိမှန်ကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။




