ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း ချောက်မြို့နယ်နှင့် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တို့တွင် တော်လှန်ရေး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများနှင့် စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်သူ အများအပြား ရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ကျောက်တဲလမ်းခွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။
မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုအတွင်း အင်အား ၁၀ ဦးခန့်ရှိသော စစ်ကောင်စီတပ်ဘက်မှ စစ်သား ၂ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပ.က.ဖ)၊ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် ပ.က.ဖ တပ်ခွဲ – ၅ (Chauk Special Attack Force)၊ ဧရာဒေါင်း (မကွေးဖက်ဒရယ်ယူနစ် တပ်ဖွဲ့) နှင့် Tiger Fighter Force မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ချောက်မြို့နယ် ပ.က.ဖ (NUG) မှ တာဝန်ရှိသူတစ်ဦးက ” စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းဖို့က စစ်ကူက ဘေးနားက အထိုင်စခန်းမှာ ရှိတဲ့အတွက် လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။”ဟု ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များနှင့် မြင်းခြံခရိုင် အရပ်ဘက်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲများနှင့် ပြောက်ကျားတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့် နွားထိုးကြီးမြို့ တောင်ဘက်အထွက်ရှိ စစ်ကောင်စီ ၏ စစ်ကော်မရှင်ဂိတ်ကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း တို့က ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဇွန်လ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်လည်း နွားထိုးကြီးမြို့၏ အထင်ကရနေရာဖြစ်သော “ရှင်ပင်သာဒွန်းဦး” ဘုရားပေါ်၌ အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံ၍ ပြောက်ကျား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့အတူ ဇွန်လ ၂၁ ရက်နေ့တွင် နွားထိုးကြီးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ကော်မရှင်တပ်ဘက်မှ လွှတ်တင်လိုက်သော ကင်းထောက်ဒရုန်း (Drone) ၁ စီးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ဖမ်းယူ သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၅၃ မိနစ်အချိန်မှစ၍ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်အထိ နွားထိုးကြီးမြို့နယ်၊ ဖက်ခူးကျေးရွာဘက်မှ ထွက်လာသော စစ်ကောင်စီတပ်သားများနှင့် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းတို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးနှင့်အထက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားရာနေရာမှ ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။





