ရန်ကုန်၊ ဇွန် ၂၃
ရခိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရသော ခမရ ၅၆၂ မှ အလင်းဝင် စစ်မှု ထမ်းတပ်သား ၃ ဦးကို PDF က လည်လှီးသတ်ဖြတ်လိုက်ပြီဟု စစ်တပ်က သတင်းအမှား ဖြန့်ချိနေသော်လည်း အလင်းဝင်တပ်သား ၃ ဦးလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မကြာသေးမီကာလအတွင်း မကွေးတိုင်း၊ ပဒါန်းမြို့ရှိ အမှတ် ၉၀၅ အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ် (အမတ-၉၀၅) လက်အောက်ခံ ခြေလျင်တပ်ရင်း ခမရ-၅၆၂ မှ တပ်စိတ်မှူး စစ်မှုထမ်းတပ်သား ကျော်ကိုဦး၊ စစ်မှုထမ်းတပ်သား ချစ်ကိုဦး နှင့် တပ်သား ရဲမင်းထက် တို့က အလင်းဝင်ရောက်ခဲ့ကြသည်။
အဆိုပါ အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက လည်လှီးသတ်ဖြတ်လိုက်ပြီဟု စစ်တ်က တပ်တွင်း၌ သတင်းအမှားများ ဖြန့်ချိနေသော်လည်း အဆိုပါ တပ်သား ၃ ဦးစလုံးမှာ လက်ရှိအချိန်အထိ တောလှနရေးတပ်များထံတွင် ကျန်းမာဘေးကင်းစွာဖြင့် အသက်ရှင်လျက်ရှိပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း စုံစမ်းသိရှိရသည်။
စစ်တပ်က တပ်ရင်းတပ်ဖွဲ့များအတွင်း စိတ် ဓာတ်ကျဆင်းမှုများ မဖြစ်ပေါ်စေရန်နှင့် တပ်သားများ ထွက်ပြေး ထပ်မံအလင်းဝင်မှုများ ထပ်မံ မဖြစ်ပွားစေရန် ရည်ရွယ်၍ PDF ထံသို့ အလင်းဝင်ရောက်သွားသူများ၏ အခြေအနေကို မဟုတ်မမှန် ဖော်ပြကာ ဝါဒဖြန့်ချိလျက်ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရှိရသည်။
မကွေးနှင့်ရခိုင်အစပ် စစ်မြေပြင်များတွင် စစ်တပ်မှ တပ်ပြေးနှင့် အလင်းဝင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး တပ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ ထပ်မံအလင်းဝင်ရောက်မှု မရှိစေရန် သတင်းအမှားများ၊ စိတ်ဓာတ်ရေးရာ ဝါဒဖြန့်မှုများကို ပိုမိုပြုလုပ်လာနေခြင်းဖြစ်သည်ဟု သိရှိရသည်။
အလင်းဝင် တပ်သား ၃ ဦး၏ တပ်ရင်းဖြစ်သော ခမရ ၅၆၂ သည် မူလက ရခိုင်ပြည်နယ်၊ ဂွမြို့တွင် အခြေပြုထားသည့် တပ်ရင်းတစ်ရင်းဖြစ်ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တောင်ကုတ်မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းဖြစ်သည်။
သို့သော် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် အမ်းမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့တို့ကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ခမရ ၅၆၂ သည် ဖွဲ့စည်းပုံပျက်စီးသွားခဲ့ရကာ တပ် ရင်းအကြွင်းအကျန်များကို မကွေးတိုင်း၊ ပဒါန်းမြို့ရှိ အမတ ၉၀၅ သို့ ပြောင်းရွှေ့၍ စစ်သားအသစ်များ စုဆောင်းကာ ပြန်လည်စုဖွဲ့နေခြင်းဖြစ်သည်။




