ရန်ကုန်၊ ဇွန် ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃ တပ်ရင်းက ပံတိကုန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘီးလင်းမြို့နယ် အခြေစိုက် ခမရ ၃တပ်ရင်းက ပံတိကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၄၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဇင်မာစိုး တို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပံတိကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ပစ်ခတ်တိုက် ခိုက်မှုကြောင့် အသက် ၄၂နှစ်အရွယ် ဇင်မာစိုး အမွာဗိုက် ၆လ ဘီးလင်းဆေးရုံ အဝရောက်သေတယ်။ မောင်လေးသမီး စနေမ ၁၁နှစ် နေရာတွင်သေတယ်။ မောင် လေးသမီး ယွန်းယွန်း ၇နှစ် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ဘီးလင်းဆေးရုံကို ပို့ထားပါတယ်။ အသက် ၃၆နှစ်အရွယ် အမျိုးသား ၁ ဦးက ပေါင်ရင်းကို ထိခိုက်ဒဏ်ရာရလို့ သထုံဆေးရုံကို ပို့ထားရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ယခုနှစ် ဧပြီလ ၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးများ ၄ ကြိမ်တိုင်တိုင် ကျဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ့နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့သေးကြောင်း သိရသည်။






