ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းမှစ၍ လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်မှ စတင်ပြီး မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူစောထီးရွာနှင့် အနီးအနားရှိ ကျေးရွာများကို ဂျက်ဖိုက်တာ ၊ Y-12 နှင့် Mi – 35 ရဟတ်ယာဉ်များဖြင့် ဆက်တိုက်လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ညနေပိုင်းတည်းက စပြီး လေကြောင်းနဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေ ထိခိုက်တာ ရှိ၊မရှိကတော့ မသိရသေးဘူး။ အကုန်လုံးတော့ တိမ်းရှောင်နေရကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မြိုင်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ပြည်သူများ လေကြောင်း အန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ် ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စ၍ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်မှ စတင်ပြီး နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့ အနီးကို ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တံတားလေတပ်မှ တက်လာသော Y-12 လေယာဉ်ကလည်း မင်းတပ်မြို့နယ် အရှေ့ခြမ်းကို မွန်းလွဲပိုင်းမှ စတင်၍ ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။
ထို့ပြင် ကန်ပက်လက်မြို့နယ်ကိုလည်း ယနေ့ မွန်းလွဲ ၂ နာရီကျော်မှ စတင်ပြီး တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီးက ဗုံး ၂၈ လုံး ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်နေ့ ညပိုင်းကလည်း ကန်ပက်လက်မြို့နယ်၊ ကျောက်တောင်ရွာအနီး တောင်ယာများထဲတွင် စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၂ နှစ် အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ညအချိန် မီးလောင်ဗုံးများကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်




