27.3 C
Yangon

ပန်းတနော်တွင် စစ်တပ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းချသူများထံမှ ဆက် ကြေးကောက်ပြီး စစ်မှုထမ်းအတွက် လူရှာဖမ်းဆီးခိုင်း၊ ဆေးစွဲသည့် လူငယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားနေ

Must read

ရန်ကုန်၊ ဇွန် ၂၃

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက မူးယစ်ဆေးဝါးရောင်းချသူများထံမှ ဆက်ကြေးကောက်ခံနေသည့်အပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို စစ်မှုထမ်းရန် လူရှာဖမ်းဆီးခိုင်းပြီး ဆေးစွဲသည့် ဆင်းရဲသားလူငယ်များကို ရန်ကုန်သို့ ပို့ဆောင်ကာ စစ်မှုထမ်းရန် ငွေကြေးဖြင့် ရောင်းစားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ဝင်း၊ မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူး ဇေယျာမြင့်၊ စစ်ဘက်မှ ဗိုလ်မှူး အောင်ကိုနှင့် အခြားအုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းများတွင် ဆက်ကြေးကောက်ခံခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်နေကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးရောင်းချသူများကို အသုံးချ၍ ဆေးစွဲနေသည့် လူငယ်များကို ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ စစ်မှုထမ်းအဖြစ် စုဆောင်းပို့ဆောင်ခြင်းနှင့် ငွေကြေးဖြင့် ရောင်းစားခြင်းများကိုလည်း အကြီး အကျယ် လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ပန်းတနော်မြို့ ငါးကန်ပေါင်ဘေး၌ မူးယစ်ဆေးဝါး လိုက်လံရောင်း ချနေသည့် “ရှာရွတ်ခန်း” (ခ) အောင်ဇော်ဇော်ထွန်းနှင့် ဆေးသုံးစွဲသူ ငပုတို့ကို မြို့နယ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သော်လည်း ရဲစခန်းသို့ ရောက်ရှိချိန်တွင် အဓိက မူးယစ်ဆေးရောင်းချသူဖြစ်သည့် “ရှာရွတ်ခန်း” ကို လမ်းခုလတ်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ဆေးသုံးစွဲသူ ငပုတစ်ဦးတည်းသာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ အဆိုအရ “ရှာရွတ်ခန်း” (ခ) အောင်ဇော်ဇော်ထွန်းသည် ပန်းတနော်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများကို နှစ်ရှည်လများ လည်ပတ်ရောင်းချနေသူဖြစ်ပြီး ဒေသခံများက အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း အရေးယူခံရခြင်းမရှိဘဲ ဖမ်းဆီးခံရသည့်အခါတိုင်း စစ်ကောင်စီအဖွဲ့များ၏ အကာအကွယ်ဖြင့် ပြန်လည်လွတ်မြောက်လေ့ရှိကြောင်း သိရသည်။

ထို့အပြင် “ရှာရွတ်ခန်း” သည် လူငယ်များကို မူးယစ်ဆေးဝါးဖြင့် စွဲဆောင်ကာ စစ်တပ်အတွက် ပေါ်တာဆွဲရန်နှင့် စစ်မှုထမ်းအဖြစ် ပို့ဆောင်ရန် လူရှာဖွေပေးနေသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပန်းတနော်မြို့၊ မြို့ကွက်သစ် ၁၊ ဆည်မြောင်းလမ်းရှိ ဦးဟာရှင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးများကို အချိန်မရွေး ဝယ်ယူရရှိနိုင်ပြီး ဦးဟာရှင်နှင့် ၎င်း၏သား “ရှာရွတ်ခန်း” တို့သည် မြို့ပေါ်လူငယ်များ၊ ကျောင်းသားများနှင့် ကျေးရွာဘက်မှ အလုပ်လက်မဲ့လူငယ်များကို အဓိကပစ်မှတ်ထား၍ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ “ရှာရွတ်ခန်း” နှင့် ပူးပေါင်းသူများသည် ကျေးရွာများရှိ ဆင်းရဲ နွမ်းပါးသည့် လူငယ်များကို “ရန်ကုန်တွင် အလုပ်ရမည်” ဟု စည်းရုံးခေါ်ဆောင်ကာ မူးယစ်ဆေးဝါး သုံးစွဲစေပြီး ဆေးစွဲလာသည့်နောက် ရန်ကုန်သို့ ပို့ဆောင်၍ စစ်မှုထမ်းရန် ငွေကြေးဖြင့် ရောင်းစားခြင်းနှင့် စစ်တပ်ထံသို့ လူရှာပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ရှာရွတ်ခန်း (ခ) အောင်ဇော်ဇော်ထွန်းက ဖမ်းဆီးစုဆောင်းထားသော လူငယ်များကို စစ်မှုထမ်းရန် ရောင်းစားရာတွင် ကျော်ဇေယျထွန်း၊ အုပ်ကြီး ခင်မောင်ကြည်၊ မြို့နယ်ဥက္ကဋ္ဌ နိုင်ဝင်းနှင့် ဦးဝီဆန်းတို့ အပါအဝင် လူပုဂ္ဂိုလ်အချို့ ပါဝင်ပတ်သက်နေကြောင်း ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ရှာရွတ်ခန်း (ခ) အောင်ဇော်ဇော်ထွန်းက အသက်မပြည့်သေးသည့် ကျောင်းသား ဇွဲကို အပါအဝင် လူငယ် ၃ ဦးကို ရန်ကုန်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားပြီး စစ်မှုထမ်းရန် ရောင်းစားခဲ့သည့်ဖြစ်စဉ်ကြောင့် ဒေသတွင်း၌ ပြဿနာတက်ပွားခဲ့ဖူးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များသည် အဓိကတရားခံများကို ဖုံးကွယ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို ထွေအုပ်ရုံးသို့ ခေါ်ယူ၍ ဖိအားပေးခြိမ်းခြောက်ခြင်းနှင့် ခံဝန်ကတိများ အတင်းအဓမ္မ ရေးထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပန်းတနော်မြို့ခံတစ်ဦးက “ပန်းတနော်မှာ မူးယစ်ဆေးရောင်းတာ၊ လူငယ်တွေကို ဆေးစွဲအောင်လုပ်ပြီး စစ်မှုထမ်းဖို့ ရောင်းစားတာတွေက ကွင်းဆက်လိုက် ဆက်စပ်နေတာပါ။ အဓိကတရားခံတွေကို ဖမ်းလိုက်ရင် ပါဝင်ပတ်သက်နေတဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာက လူတွေ အကုန်ပေါ်လာမှာကို စိုးရိမ်လို့ မဖမ်းတာဖြစ်တယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး အဓိကရောင်းချသူ “ရှာရွတ်ခန်း” (ခ) အောင်ဇော်ဇော်ထွန်းမှာ စစ်ကောင်စီအဖွဲ့များ၏ အကာအကွယ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေပြီး၊ ၎င်း၏ဖခင် ဦးဟာရှင်မှာ နေအိမ်တွင် ဆက်လက်ရှိနေကြောင်း သိရသည်။

ဒေသခံများက နေပြည်တော် သို့မဟုတ် ပုသိမ်မှ အထူးစစ်ဆေးရေးအဖွဲ့များ ဆင်းရောက်စုံစမ်းပါက ပန်းတနော်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးရောင်းချမှု၊ လူကုန်ကူးမှုနှင့် လူငယ်များကို စစ်မှုထမ်းရန် ရောင်းစားနေသည့် ကွင်းဆက်တစ်ခုလုံး ပေါ်ပေါက်လာနိုင်ကြောင်း ပြောဆိုထားကြသည်။

ဓာတ်ပုံ- ပန်းတနော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article