ရန်ကုန်၊ ဇွန် ၂၄
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်တွင် အာဏာပိုင်များ၏ အော်ပရာစီ (Ops) ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄၂ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ တစ်ဖက်တွင်လည်း လူဝင်မှုကြီးကြပ်ရေးအချုပ်စခန်း၌ ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၂ ဦးကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဂျိုဟိုးဘာရူးမြို့ရှိ နာမည်ကြီးကုန်တိုက်တစ်ခုအတွင်းမှ စားသောက်ဆိုင် ၃ ဆိုင်၌ တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေကြောင်း ပြည်သူလူထု၏ တိုင်ကြားချက်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထောက်လှမ်းရေးသတင်းအချက်အလက်များအရ အော်ပရာစီဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးမှုအတွင်း စားပွဲထိုး၊ စားဖိုမှူးနှင့် မီးဖိုချောင်အကူဝန်ထမ်းများအဖြစ် လုပ်ကိုင်နေကြသည့် အသက် ၁၉ နှစ်မှ ၄၉ နှစ်အရွယ် မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ယင်းတို့အနက် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၄ ဦး ပါဝင်ကြောင်း သိရသည်။ ထို့အပြင် တရားမဝင် နိုင်ငံခြားသားများကို အလုပ်ခန့်အပ်ထားသည့် မလေးရှားနိုင်ငံသား မန်နေဂျာ ၂ ဦးကိုလည်း အရေးယူရန် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၂ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ဂျိုဟိုးဘာရူးမြို့ရှိ စတီယာထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေးအချုပ်စခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုများပြီးစီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ဗီဇာနှင့် လုပ်ငန်းခွင်ပါမစ် စည်းကမ်းချက်များကို ချိုးဖောက်သည့် မည်သည့်နိုင်ငံခြားသားကိုမဆို အလျှော့ပေးမည်မဟုတ်ကြောင်းနှင့် တရားမဝင် အလုပ်သမားများကို ခိုလှုံခွင့်ပေးခြင်း၊ အလုပ်ခန့်အပ်ခြင်း ပြုလုပ်သည့် အလုပ်ရှင်များကိုလည်း ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။
ထို့ပြင် ဂျိုဟိုးပြည်နယ်၊ ပွန်တီယန်ခရိုင်၊ ပီကန်နီနပ်စ် (Pekan Nenas) လူဝင်မှုကြီးကြပ်ရေးအချုပ်စခန်းမှ ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၈၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ အသုတ်လိုက် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြန်လည်ပို့ဆောင်ခံရသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၂ ဦး၊ ထိုင်းနိုင်ငံသား ၉ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနှင့် သီရိလင်္ကာ၊ တရုတ်နှင့် စင်ကာပူနိုင်ငံသား ၁ ဦးစီ ပါဝင်ပြီး၊ မြန်မာနိုင်ငံသား ၁၃၂ ဦးကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ပြန်ပို့ခံရသူများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများဖြင့် ထောင်ဒဏ်များ ကျခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ဇွန်လ တတိယပတ်အတွင်း အသုတ်လိုက် ဆောင်ရွက်ခဲ့ပြီး ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆီနိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဂိတ်များမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၈၀ ဦးကို နာမည်ပျက်စာရင်းသွင်းထားပြီး သတ်မှတ်ထားသည့် ကာလအတွင်း မလေးရှားနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်






