ရန်ကုန်၊ ဇွန် ၂၄
မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဒေါက်တာ လက္ခဏသာရကို လိုင်စင်မဲ့ကားစီးမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးခဲ့ခြင်းသည် အမျိုးသားရေးသံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း မဘသအစွန်း ရောက် ပေါက်ဘုန်းကြီးက ယနေ့ တယ်လီဂရမ်လူမှုကွန်ရက်ဗီဒီယိုဖိုင်မှတစ်ဆင့် ဒေါသတကြီး တုံ့ပြန်ပြောကြားလိုက်သည်။
ပေါက်ဘုန်းကြီးက ယခုဖမ်းဆီးမှုအပေါ် သင်္ဃန်းကျွန်းရဲစခန်းနှင့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တို့ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်၍ အမျိုးသားရေး သံဃာထုကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆုသိည်။
“သင်္ဃန်းကျွန်းရဲစခန်းနဲ့ လွှတ်တော်အမတ်တို့က ဒီအမျိုးသားရေး သံဃာတော်တွေကို ဘယ်လိုပုဒ်မ တပ်တပ် ဖမ်းလို့ရတယ်ဆိုတော စိန်ခေါ်လိုက်တဲ့ သဘောပဲ။ အရေးယူလို့ရတယ်ဆိုတာ စိန်ခေါ်လိုက်တဲ့သဘောပဲ။ အခု အမျိုးသားရေး သံဃာတော်တစ်ပါး မော်တော်ယာဉ် လိုင်စင်မဲ့ဖြင့် ဖမ်းဆီးခံရ၊ အဲဒါက မျိုးချစ်ရဟန်းများ သမဂ္ဂက နောင်တော်ကြီး ဦးပညာဝံသကလည်း ဖုန်းဆက်တယ်။ ‘ညီတော်မောင်တဲ့ မင်းဆီကပြောလို့ရှိရင် တော်တော်ထိရောက်တယ်ကွာ၊ မင်းဆီက အဲဒီဟာလေးကိုပြောပေးပါလားတဲ့၊ အဲဒါလေးနဲ့ပတ်သက်ပြီး ပြောချင်တယ်တဲ့၊ မတရားအဖမ်းခံရတယ်ပေါ့၊ Without ကားနဲ့။ လာဖမ်းတဲ့ ဘုန်းကြီးတွေကလည်း Without ကားတွေစီးပြီး လာဖမ်းတာပဲတဲ့။’ ဟု ပေါက်ဘုန်းကြီးက ဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဒေါက်တာလက္ခဏသာရကို ရုံးထုတ်စဉ် မဘသ ဘုန်းကြီးများက လာရောက် ဆန္ဒပြ စုရုံးခဲ့ကြသည်။
ဖမ်းဆီးခံရသည့် ဒေါက်တာလက္ခဏသာရသည် အသက် ၄၂ နှစ်၊ ၂၂ ဝါ ရှိနေပြီဖြစ်ပြီး ကြံ့ဖွတ်အမတ်နှင့်ရဲတပ်ဖွဲ့က အငြိုးထား၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီပုဒ်မ ၂၃ ဆိုတော့ နဂိုက ၁၉ (င) ပေါ့၊ ဓားကိုင်ဆောင်မှု၊ ကားပေါ်မှာ ဓားလည်းပါတယ်ပေါ့နော်။ ဒီဟာကတော့ Without ကားနဲ့ဖမ်းချင်တာထက်၊ ဓားနဲ့ဖမ်းချင်တာထက် ဒီကိုယ်တော်က ဒေါက်တာဘွဲ့ရထားပြီးသား၊ ဦးလက္ခဏ (သင်္ကန်းကျွန်း) က၊ အသက် ၄၂ နှစ်၊ ဦးဇင်းတို့ထက် ၂ နှစ်ကြီးတယ်၊ ဝါဆိုရင်တော့ ၂၂ ဝါရှိပြီ။ ဦးလက္ခဏ။ ဒေါက်တာဘွဲ့လည်းရထားတယ်။ အရည်အချင်းရှိတဲ့ သံဃာတစ်ပါးပဲ၊ တော်လည်းတော်တယ်၊ ရဲတွေနဲ့လည်း သူက ခင်မင်ရင်းနှီးတယ်။ ဒါပေမယ့်လည်း သူက လိုင်းပေါ်မှာ အကောင့်အတုတွေနဲ့ ကြံ့ခိုင်ရေးက အမတ်ကို ဆဲပုံရတယ်။ တချို့ရဲတွေကိုလည်း သူပြောထားတာတွေရှိတာပေါ့နော်။”ဟု ပေါက်ဘုန်းကြီးက ဆိုသည်။
အမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အဝေမတည့်ခြင်းနှင့် အဆင်မပြေခြင်းတို့ကြောင့် ဖြစ်ပြီး ကြံ့ခိုင်ရေးအမတ်က ရဲကိုခိုင်းစေကာ ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း ကြားသိရသည်ဟု ၎င်းက ဆိုသည်။
“နောက်ဆုံးကျတော့လည်း အဝေမတည့်တာရယ်။ အဆင်မပြေတာရယ်။ ဖြစ်ပြီးမှ၊ ဦးဇင်းတို့ သတင်းအရတော့ ကြံ့ခိုင်ရေးလွှတ်တော်အမတ်ကနေမှ ရဲကို ခိုင်းလိုက်တာလို့ ကြားသိရတယ်။ ဦးဇင်းကတော့ ပြောပါတယ်။ တကယ်လို့မှ ကြံ့ခိုင်ရေးလွှတ်တော်အမတ်က တရားလိုဆိုရင်တော့ တပည့်တော် ဦးခင်ရီကို ပြောပေးမယ်။ ဒါမျိုးမလုပ်ဖို့ရာအတွက်ကို။ ပြောပေးလို့ရတယ်။ တရားလိုက ရဲက လုပ်တာတဲ့။ ရဲနဲ့ ဦးလက္ခဏတို့က နဂိုကတည်းက အပေါင်းအဖက်တွေကို ဘယ်လိုလုပ်ဖြစ်တာတုန်းဆိုတော့ အဲလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အဝေမတည့်ဖြစ်သွားရာကနေ ဖြစ်သွားတယ်ပေါ့၊ ဒါကသတင်းအရပေါ့၊ ကြားစကားအရ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့နော်။”ဟု ပေါက်ဘုန်းကြီးက ပြောဆိုထားသည်။
လိုင်စင်မဲ့ကားမှုအပြင် ဓားကိုင်ဆောင်မှုပုဒ်မ ၂၃ ဖြင့် ဖမ်းဆီးခြင်းသည် သံဃာထုတစ်ရပ်လုံးကို အရေးယူ၍ရကြောင်း ရဲစခန်းက စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ပေါက်ဘုန်းကြီးက သုံးသပ်သည်။
“ဒါပေမယ့် ဘုန်းကြီးတစ်ပါးကို Without အမှုနဲ့ဖမ်းတယ်။ ၂၃ ပုဒ်မ ဓားကိုင်ဆောင်မှုနဲ့ ဖမ်းတယ်ဆိုတော့ ထောင်ထဲမှာနေလိုက်၊ ရှာမနေနဲ့၊ ပြောရမယ်ဆိုရင်တော့ ဒါက မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေကို သင်္ဃန်းကျွန်းရဲစခန်းနဲ့ လွှတ်တော်အမတ်တို့က ဒီအမျိုးသားရေး သံဃာတော်တွေကို ဘယ်လိုပုဒ်မ တပ်တပ် ဖမ်းလို့ရတယ်ဆိုတော စိန်ခေါ်လိုက်တဲ့ သဘောပဲ။ အရေးယူလို့ရတယ်ဆိုတာ စိန်ခေါ်လိုက်တဲ့သဘောပဲ။”ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိ ရဟန်းသံဃာတော်များ သတ်ဖြတ်ခံနေရသည့် အခြေအနေတွင် အမျိုးသားရေးလှုပ်ရှားသူများအနေဖြင့် ကားပေါ်တွင် တုတ်၊ ဓား ကိုင်ဆောင်ထားခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း ၎င်းက ကာကွယ်ပြောဆိုသည်။
“ဦးဇင်းတို့ကလည်း တွက်ပြီးသားပါ။ တွက်ပြီးသားပါ၊ သူတို့မလုပ်ချင်ပါ၊ လုပ်ချင်ရင် ဦးဇင်းတို့ကိုလည်း သူကြိုက်တဲ့ပုဒ်မ တပ်လို့ရတယ်။ အမျိုးသားရေးဆိုတာက ဒီကားပေါ်မှာ ကပ္ပိယပါမယ်။ ကားပေါ်မှာ အနည်းဆုံးတော့ တုတ်တော့ပါမှာပေါ့လေ။ အနည်းဆုံးတော့ ဟုတ်လား။ ရဟန်းသံဃာတော်တွေ သတ်ဖြတ်ခံနေရတဲ့အချိန်လေ။ ဦးဇင်းတို့ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ရန်ကုန်မှာဆိုရင်လည်း ဦးပညာဝံသတို့ဆိုရင် စစ်အစိုးရလက်ထက်မှာ ထောင်ကျခဲ့ရတဲ့ သံဃာတော်တွေ။”ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသော ဒေါက်တာလက္ခဏသာရသည် စစ်တပ်ထောက်ခံပွဲများကို အမြဲဦးဆောင်ခဲ့သူဖြစ်ကြောင်း၊စစ်တပ်၊ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားရေးသံဃာများကြား စည်းလုံးညီညွတ်စေချင်ပြီး နိုင်ငံတော်ကို ပုန်ကန်သည့်အမှု မဟုတ်သဖြင့် ဖမ်းဆီးမည့်အစား သတိပေးရုံသာ လုပ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
“အမျိုးသားရေး သံဃာတော်တွေပါလာပြီ။ ပါလာတော့ မကောင်းဘူးပေါ့၊ ပြောချင်တာကတော့ ဒီကြံ့ခိုင်ရေးနဲ့ပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားရေး သံဃာတော်တွေနဲ့ဖြစ်ဖြစ် ညီညွတ်စေချင်တယ်။ စည်းလုံးစေချင်တယ်။ ဒီလိုအခုမှ တက်လှမ်းတဲ့နေရာလေးမှာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ဖြစ်စေချင်တယ်။ နိုင်ငံတော်ကို ပုန်ကန်တဲ့အမှုမှ မဟုတ်တာ၊ တိုင်းပြည်ကို ပုန်ကန်တဲ့အမှုမှ မဟုတ်တာ၊ နိုင်ငံတော် သမ္မတကို အကြည်အညိုပျက်အောင်လုပ်တဲ့အမှုမှ မဟုတ်တာ၊ ကာချုပ်ကြီးကို အကြည်အညိုပျက်အောင်လုပ်တဲ့အမှုမှ မဟုတ်တာ၊ ဒါမျိုးလေးပြောတဲ့အရာက ဘာတွေထိခိုက်သွားသလဲ။ ဘာတွေ နစ်နာသွားသလဲ။ ဒီလောက်ကြီး လုပ်စရာလား။ မေးခွန်းပြန်ထုတ်ရမှာ။ ခေါ်ယူသတိပေးလို့ရတယ်။ ဦးသုစိတ္တ၊ အရှင်ဘုရားဒီကိုယ်တော်ကို ထိန်းပေးပါ၊ ပြောလိုက်လို့ရတယ်။”
လာဖမ်းသည့်အဖွဲ့များလည်း လိုင်စင်မဲ့ကားစီးပြီး လာဖမ်းခြင်းဖြစ်ကာ လက်ရှိတွင် ဖမ်းဆီးခံရသူကို အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်ဟု ဆိုသည်။
မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) များကို ၂၀၁၃-၂၀၁၄ ခုနှစ်ဝန်းကျင်တွင် အမျိုး သားရေးဝါဒီ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များ စုစည်းဖွဲ့စည်းခဲ့ကြပြီး၊ နောက်ပိုင်းတွင် မဟန၏ ပိတ်ပင်မှုကြောင့် “ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း” အမည်ဖြင့် ပြောင်းလဲလှုပ်ရှားခဲ့ကာ ခေတ်အဆက်ဆက် စစ်တပ်ကိုထောက်ခံပြီး NLD ကို ဆန့်ကျင်ခဲ့ကြသည့်အဖွဲ့ ဖြစ်သည်။





