ရန်ကုန်၊ ဇွန် ၂၅
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းနှင့် မကွေးတိုင်း စလင်းမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် တော်လှန်ရေးတပ်တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအနီးသို့ နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်သွားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေ အတွင်း ရေးမှူး ၂ ဗညားခွန်အောင်က ပြောကြားသည်။
၎င်းက “မနေ့ညက ကျဲသွားတယ်။ စစ်ရှောင်စခန်းနဲ့နီးတယ်။ ကနဦးကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ သွားကြည့်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
အဆိုပါဒေသအတွင်းပင် ယမန်နေ့ မွန်းလွဲပိုင်း နန်းမယ်ခုံမြို့နယ် နမ့်မယ်ခုံမြို့အနီးရှိ လီဝိုးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၂၆ ခုနှစ်အတွင်း ကရင်နီပြည်နယ်၌ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး ၈၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်းလည်း သိရသည်။
အလားတူ မကွေးတိုင်း စလင်းမြို့နယ် မြေနီကုန်းအနောက်ဘက် ခြင်ထောင်ကျေးရွာတွင်လည်း ဇွန်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ၂ စီးနဲ့ ဗုံးကျဲတာပါ။ ဗုံး ၃ လုံးချသွားတာပါ။ သေဆုံးသွားတဲ့ ၃ ဦးက လူငယ်တွေပါ” ဟု ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ယခုနှစ်ဆန်းပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။






