ရန်ကုန်၊ ဇွန် ၂၆
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ ပျူစောထီးခေါင်းဆောင် တင်မိုး၏ ဇနီးဖြစ်သူ ဒေါ်ထွေးထွေး ရှုံးနိမ့်ခဲ့ပြီးနောက် ရွေးချယ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်လှိုင်ကို ပြည်သူ့စစ်အဖွဲ့ဝင်များက ညတွင်းချင်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၅ ရက်တွင် မိုးကောင်းမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျွန်းတောရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး ရပ်ကွက်နေပြည်သူများက သာရေး၊ နာရေးနှင့် လူမှုရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးနိုင်ကာ လူမှုအသိုင်းအဝိုင်းအတွင်း လေး စားမှုရရှိထားသူကို မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် အသက် ၅၈ နှစ်အရွယ် ဦးစိန်ကျော်လှိုင်နှင့် ပျူစောထီးခေါင်းဆောင် တင်မိုး၏ ဇနီး ဒေါ်ထွေးထွေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မဲရလဒ်အရ ဦးစိန်ကျော်လှိုင်က ဒေါ်ထွေးထွေးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
သို့သော် ရွေးချယ်ပွဲရလဒ်ကို မကျေနပ်သည့် ပျူစောထီးခေါင်းဆောင် တင်မိုးက ဇွန်လ ၂၆ ရက် နံနက် ၁ နာရီခန့်တွင် အင်အားအများအပြားဖြင့် ဦးစိန်ကျော်လှိုင်၏ နေအိမ်ကို ဝိုင်းရံပိတ်ဆို့ခဲ့ပြီး နေအိမ်တံခါးများကို ရိုက်ချိုးကာ ဦးစိန်ကျော်လှိုင်ကို ရိုက်နှက်ဖမ်းဆီး၍ ခေါ်ဆောင်သွားကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ဦးစိန်ကျော်လှိုင် မိသားစုဝင်တွေက အခုထိ အပူတပြင်း လိုက်ရှာနေကြတယ်။ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရသေးသလို မေးမြန်းစုံစမ်းတဲ့ မိသားစုဝင်တွေကိုလည်း ထပ်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်။ မိသားစုက အရမ်းစိုးရိမ်နေကြပါတယ်။ ဦးစိန်ကျော်လှိုင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အဓမ္မရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပျူစောထီးခေါင်းဆောင် တင်မိုးကိုလည်း အရေးယူပေးစေချင်တယ်လို့ ဒေသခံတွေက လိုလားနေကြပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်အထိ ဦးစိန်ကျော်လှိုင်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များက စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – ပြည်သူ့စစ်ခေါင်းဆောင်တင်မိုးနှင့် မယားဖြစ်သူ ဒေါ်ထွေးထွေး။




