27.4 C
Yangon

CTUM ခေါင်းဆောင် ဦးမောင်မောင် အပါအဝင် ဗဟိုကော်မတီဝင်များကို စစ်တပ်က ပုဒ်မ ၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မှုအပေါ် ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တရားဝင်အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ခေါင်းဆောင် ဦးမောင်မောင် (ခ) ပြည့်သစ်ညွန့်ဝေ အပါအဝင် ဗဟိုကော်မတီဝင်များကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ပြီး နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း CTUM က ယနေ့ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

CTUM ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်တွင် CTUM ဗဟိုကော်မတီဝင်များနှင့် ခေါင်းဆောင်များကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) ဖြင့် ဖမ်းဝရမ်း ထုတ်၍ လိုက်လံဖမ်းဆီးခဲ့သည့်အပြင် ဗဟိုကော်မတီဝင်များ၏ နိုင်ငံကူးလက် မှတ်များကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာသံရုံးများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ အဆိုပါနိုင်ငံကူးလက်မှတ်များကို အသိအမှတ်မပြုရန် အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခံရသူများတွင် CTUM ခေါင်းဆောင် ပြည့်သစ်ညွန့်ဝေ (ခ) မောင်မောင် အပါအဝင် သန်းဆွေ၊ သန်းလွင်၊ ဖြိုးစန္ဒာစိုး၊ ခိုင်ဇာအောင်၊ သဲဝင့်၊ မြတ်ကျော်ထွေး၊ ဝင်းဇော်၊ အောင်ကျော်မြင့်၊ မင်းမင်းလတ်၊ ရဲဝင်းထွန်း၊ စိုးကိုကိုနိုင်၊ ဟိန်းလတ်၊ သိန်းနိုင်အောင်ဝေ၊ ထက်လွင်၊ မြင့်ဦး၊ ကျော်ကျော်သိန်း၊ အောင်မြင့်နိုင်၊ မြင့်နှင်းထွေး၊ ခင်နီလာစိုး၊ အောင်ကျော်ထွန်းနိုင်ဦး၊ အောင်နိုင်ထွန်း၊ ကျော်စိုးမိုး၊ စန္ဒာစိုး၊ ကြည်ကြည်ထွန်း၊ ဆွေဆွေခိုင်၊ တီတီနှင့် အေးသုဇာအောင် (ခ) သုဇာဝင်းလွင် တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့များထံ အကြောင်းကြားစာပေးပို့၍ အဆိုပါနိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ထားပြီး အသိအမှတ်မပြုရန် တောင်းဆိုထားသည်။

CTUM က စစ်ကောင်စီ၏ ယင်းလုပ်ရပ်သည် နိုင်ငံသားများ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြထားပြီး၊ CTUM အဖွဲ့ဝင်များကို စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) သည် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပြစ်မှုပုဒ်မဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

CTUM သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများနှင့် ပူးပေါင်းကာ စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ကုလသမဂ္ဂအတွင်း မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မရရှိစေရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် CTUM က စစ်ကောင်စီ၏ ယခုလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာဖိအားများ၊ အထူးသဖြင့် ILO နှင့် ကမ္ဘာ့အလုပ်သမားသမဂ္ဂများ၏ ဖိအားများကို တုံ့ပြန်နိုင်ရန် CTUM ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပေါ် တန်ပြန်ဖိအားပေး နှိပ်ကွပ်သည့် နည်းလမ်းကို အသုံးပြုခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

CTUM သည် လွတ်လပ်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ရွေးကောက်ခံအစိုးရသစ်ကို ထောက်ခံကြောင်းနှင့် အာဏာသိမ်းမှုအပါအဝင် နောက်ကြောင်းပြန်သည့် မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။

CTUM သည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Trade Unions Burma – FTUB) အဖြစ် စတင်တည်ထောင်ခဲ့ပြီး လူမှုတရားမျှတရေး၊ ဒီမိုကရေစီရေး၊ အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမားသမဂ္ဂအခွင့်အရေးများ ရရှိရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်လာသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

CTUM က လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် (Freedom of Association – FoA) နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (Right to Collective Bargaining) တို့သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်များဖြစ်ပြီး လူမှုတရားမျှတမှု ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်သည် ယင်းအခြေခံအခွင့်အရေးများကို ဖျက်ဆီးကာ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေကြောင်း၊ CTUM အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးတို့အတွက် ဖိအားများကို ကြံ့ကြံ့ခံကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ အလုပ်သမားပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article