ရန်ကုန်၊ ဇွန် ၂၇
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ဖြစ်လာသူများကို အဟောင်းများက ကျေနပ်မှုမရှိ၍ အကြမ်းဖက် စစ်တပ် ခေါ်ယူဖမ်းဆီးခိုင်းနေကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း Voice Of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့တွင် မြင်းကျကန်ကျေးရွာတွင် ပြည်သူများက အုပ်ချုပ်ရေးမှူး အသစ် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ ထို အုပ်ချုပ်ရေးမှူး အသစ်ဖြစ်လာသူကို လက်ရှိချိန် အုပ်ချုပ်ရေးမှူး ဝင်းရှောင်က ကျေနပ်ခြင်းမရှိသောကြောင့် စစ်တပ်ကို တော်လှန်ရေးထောက်ပို့ မိသားစုဟု လိမ်လည်ကာ သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ညပိုင်းတွင် မြင်းကျကန်ရွာထဲကို စစ်သား ၇ ဦးခန့် ရောက်ရှိလာပြီး ထိုင်းနိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေးမှူး အသစ်၏ သားဖြစ်သူကို တော်လှန်ရေးထောက်ပို့ လုပ်ဆောင်သည်ဟုဆိုကာ နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
စစ်သားများသည် ၎င်းတို့ ဖမ်းဆီးမည့်သူကို မတွေ့ရှိသောကြောင့် နေအိမ်ရှိ ငွေကျပ် ၁၇ သိန်းနှင့် မှတ်ပုံတင် တစ်ခုကို သိမ်းဆည်းသွားကြောင်း၊ အုပ်ချုပ်ရေးမှူး အဟောင်းဖြစ်သူ ဝင်းရှောင်သည် ကျေးရွာအတွင်း စစ်မှုထမ်း အရွယ်လူငယ်များရှိပါက တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းနှုန်းကောက်ခံကာ ငွေကြေးချမ်းသာလာသူဖြစ်ကြောင်း သိရသည်။
“ဝင်းရှောင်က သူနေရာမဖယ်ပေးချင်ဘူး။ သူက အုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက်မှာ သူဌေးဖြစ်နေတာဆိုတော့ အဲ့နေရာကို မဖယ်ချင်တာ သူအနိုင်ကျင့်လွန်းလို့ ရွာကလူတွေက သူ့ကိုမကျေနပ်ကြပေမယ့် ဘာမှပြန်မလုပ်နိုင်ဘူး။ ခုရွာဘက်က တခြားသူတင်ဖို့လုပ်တာ သူကလက်မခံနိုင်ဘဲ အဲ့လူကိုပြသနာရှာတာ အုပ်ကြီးရွေးပွဲက တချို့ရွာတွေ ပြီးကုန်ပြီ တချို့က လုပ်နေတုန်းပဲ” ဟု Voice Of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို အကြမ်းဖက် စစ်သားများသည် မြင်းကျကန်ရွာမှ ပြန်လည် ထွက်ခွာလာစဉ် လမ်း၌ ကံစွယ်ရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ နံနက်အစောပိုင်းကလည်း ကြွယ်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ ၁ ဦးကို နေအိမ်ထဲထိ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးကာ မိတ္ထီလာ စုဆောင်းရေးတပ်သို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




