ရန်ကုန်၊ ဇွန် ၂၇
တော်လှန်ရေးအင်အားစုများကြား တပေါင်းတစည်းထဲဖြစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေ ရှာပြီး စစ်အင်အားပြ လွှမ်းမိုးခြယ်လှယ်ခြင်းကိုမပြုလုပ်ရန်နှင့် မိတ်ဖက်အဖွဲ့အစည်းများကြား ပြဿ နာကို အင်အားသုံးလက်နက်ကိုင် ဖြေရှင်းနည်း မကျင့်သုံးရန် ကျောင်းသားသမဂ္ဂများက တိုက်တွန်း လိုက်သည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကရင်နီပြည် ကျောင်းသားများသမဂ္ဂ ၊ သျှမ်း ကျောင်းသားသမဂ္ဂ ၊ သင်ကြာရေးအတတ်ပညာတက္ကသိုလ် ကျောင်း သားများသမဂ္ဂ ၊ မြန်မာ့နွေဦး တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဖယ်ခုံမြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂ တို့က လက်ရှိနိုင်ငံရေးပဋိပက္ခများအပေါ်သဘောထားထုတ်ပြန်ကာ တိုက် တွန်းလိုက်ခြင်းဖြစ်သည်။
တော်လှန်ရေးကာလ ၅ နှစ်ကျော်ကိုဖြတ်သန်းခဲ့ပြီး အချိန်တွင် တော်လှန်ရေး အဖွဲ့စည်းများကြား ပဋိပက္ခသည် ပိုမိုပြင်းထန်လာနေသည်ကို တွေ့မြင်နေရပြီး တော်လှန်ရေး အင်အားစုများအချင်းချင်း ကြား၌ အင်အားသုံး ဖြေရှင်းသည့် လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ မြင့်တက်လာနေခြင်းသည် မဖြစ် သင့် မဖြစ်အပ်သော ကိစ္စရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။
တော်လှန်ရေးအစုအဖွဲ့များ၏ ဘုံရန်သူမှာ စစ် ၃ စစ်ကို ထောက်တိုင်ပြုထားသည့် စစ်အာဏာရှင် စစ်တပ်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အင်အားစုများအနေဖြင့် သွေးစည်းညီညွတ်ရန် အရေးတကြီး လိုအပ်နေသောအချိန်တွင် အင်အားကြီးသူက အင်အားနည်းသူ အပေါ် (သို့မဟုတ်) လက်နက်ရှိသူက လက်နက်မဲ့သူ အပေါ် အနိုင်ကျင့် ဗိုလ်ကျလွှမ်းမိုးသည့် လုပ် ရပ်များကို ကန့်ကွက် ရှုံ့ချကြောင်း အတိအလင်း ပြောဆိုထားသည်။
တော်လှန်ရေးအင်အားစုများကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေ ရှင်းသင့်ပြီး စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ကိုယ့်အင်အားကို ကိုယ်တိုင် ဖြိုခွဲရာ ရောက်နေ သည်ကို သတိချပ်သင့်ကြောင်း၊ လက်ရှိတွင် လူထုသည် ဖက်ဆစ်စစ်တပ်၏ ယုတ်မာ ရက်စက်မှု များကို ခါးစီးခံနေကြရပြီး တော်လှန်ရေး အဖွဲ့အစည်းချင်းကြား ပြဿနာများကိုပါ လက်နက်ကိုင် အင်အားသုံး ဖြေရှင်းမည်ဆိုပါက လူထုဘဝအခြေအနေမှာ ဒီထက် ပျက်စီးစရာ မရှိတော့ပြီဖြစ် ကြောင်း အသိပေးထားသည်။
ထို့ကြောင့် နိုင်ငံရေးအရ ညီညွတ်သော တပ်ပေါင်းစု တရပ်ပေါ်ပေါက်လာရေးနှင့်အတူ တော်လှန်ရေး အောင်မြင်စေရေးအတွက် တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များကို စစ်အင်အားသုံး မဖြေရှင်းဘဲ ၊ နိုင်ငံရေး စားပွဲဝိုင်းပေါ်တွင်သာ အဖြေရှာကြ ရန်၊ တော်လှန်ရေးအင်အားစုများကြား တပေါင်းတစည်းထဲဖြစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အ ဖြေ ရှာပြီး စစ်အင်အားပြ လွှမ်းမိုးခြယ်လှယ်ခြင်းကိုမပြုလုပ်ရန်နှင့် မိတ်ဖက်အဖွဲ့ အစည်းများကြား ပြဿနာအရပ်ကို အင်အားသုံးလက်နက်ကိုင် ဖြေရှင်းနည်းကို မကျင့်သုံးရန် အာမခံနိုင်သည့် မူဝါဒ များ ချမှတ်အကောင်အထည်ဖော်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ပွဲဝင်နိုင်ရေးတွင် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံး ပါဝင်သည့် နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော၊ အပြန်အလှန်လေးစားမှုရှိသော၊ အပြန်အလှန်ရိုင်း ပင်း ကူညီမှုရှိသော တပ်ပေါင်းစုတရပ်ကို လူထုအကျိုးစီးပွားအပေါ်အခြေခံ၍ စုစည်းတည် ဆောက်ကြရန် ဆက်လက်တိုက်တွန်းထားသည်။




