ရန်ကုန်၊ ဇွန် ၂၈
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ နတ်ကောင်းကျင်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း လောင်းရှည် PDF နှင့် ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် နေပြည်တော် ဧလာလေတပ်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက နတ်ကောင်းကျင်းကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၃၀ နှစ်နှင့် ၄၀ နှစ်အရွယ် အမျိုးသား ၂ ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအနက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများထဲတွင် ခြေနှစ်ဖက်ပြတ်သွားသူနှင့် လက်တစ်ဖက်ပြတ်သွားသည့် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
“ပွဲချင်းပြီးသေတာက အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ၃ ယောက်ပါ။ ဒီနေ့မနက်မှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတစ်ယောက် ထပ်ပြီးသေဆုံးသွားတယ်။ နေအိမ် ၁၀ လုံးလောက် မီးလောင်သွားတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ခြေနှစ်ဖက်ပြတ်သွားသူရှိသလို ကလေးတစ်ယောက်ကလည်း လက်တစ်ဖက်ပြတ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သည့်အပြင် နွား၊ ဝက်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင်ပင် ဆောမြို့နယ် ရင်းကဲကျေးရွာ၏ တောင်ဘက်ခြမ်းကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နတ်ကောင်းကျင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ များပြားခဲ့သဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်း – လောင်းရှည် PDF က မေတ္တာရပ်ခံထားသည်။
ထို့ပြင် စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သော ကျေးရွာများ၊ မြို့များ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အအုံများကို လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များကို အလေးထားလိုက်နာကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။




