ရန်ကုန်၊ ဇွန် ၂၈
မြန်မာနိုင်ငံတစ်ဝန်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ရွေးချယ်ပွဲများတွင် စစ်ကောင်စီလက် အောက်ခံ ထွေအုပ်ရုံးများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ ခြိမ်းခြောက်အနိုင်ကျင့်မှုများ၊ အုပ်စုဖွဲ့မသမာမှုများဖြင့် ရာထူးများ ပြန်လည်ရယူနေကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ တံတားဦးကျေးရွာတွင် ပြုလုပ်သည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးရွေးချယ်ပွဲတွင် ပြည်သူများ၏ သဘောဆန္ဒမပါဘဲ အတင်းအကြပ် မဲပေးခိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
တံတားဦးရွာ ရာအိမ်မှူး အေးဇော်သည် ကြံ့ဖွတ်ပါတီကဖြစ်ပြီး ရွာသားများကို အာဏာသုံးကာ ရွာမြေများကို တံဆိပ်တုံးအတုများဖြင့် ရောင်းစားနေကြောင်း၊ ယခင်က မူးယစ်ဆေးဝါးရောင်းဖူးသူလည်း ဖြစ်ကြောင်း သိရသည်။
ယခု ရာအိမ်မှူးရွေးပွဲတွင်လည်း ၎င်းကို မဲမထည့်ပါက ဒုက္ခပေးမည်ဟု ကျိန်းဝါးခဲ့သည့်အပြင် အုပ်ချုပ်ရေးမှူးကလည်း ၎င်းတို့လူများကိုသာ စိတ်ကြိုက်ပြန်လည် တင်မြှောက်ခဲ့သဖြင့် ရွာသားများမှာ စိုးရိမ်ကြောက်ရွံ့နေကြပြီး တရားမျှတသည့် စနစ်အမှန်ဖြင့် ရွေးချယ်တင်မြှောက်ခြင်းကိုသာ လိုလားနေကြသည်။
ကျေးရွာသားတစ်ဦးက “တံတားဦးရွာ ရာအိမ်မှူး အေးဇော်က ကြံ့ဖွတ်ပါတီကပါ။ ရွာသားတွေကို အာဏာသုံးပြီး ရွာမြေတွေကိုလည်း တံဆိပ်တုံးအတုနဲ့ ရောင်းစားနေတာ။ ယခင်က မူးယစ်ဆေးဝါးရောင်းဖူးသူလည်း ဖြစ်ပါတယ်။ အခု ရာအိမ်မှူးရွေးပွဲမှာလည်း သူ့ကို မဲမထည့်ရင် ကျိန်းဝါးသေးတယ်။ ရွာအတွက်လည်း ဘာတစ်ခုမှ တိုးတက်အောင် လုပ်ဆောင်ချက်မရှိခဲ့ပါဘူး။ အုပ်ကြီးကလည်း သူ့လူတွေပဲ ရွေးချယ်တင်မြှောက်တာ။ အခုလို သူတို့ ရာအိမ်မှူးဖြစ်ရင်တော့ ရွာသားတွေ စိုးရိမ်ပြီး ကြောက်နေကြတယ်” ဟု ရွာသားများ၏ စိုးရိမ်မှုကို ပြောပြသည်။
အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်တွင်လည်း ပြည်သူများက ရွေးချယ်တင်မြှောက်ပြီး ထောက်ခံထားသည့်သူများကို မန္တလေးတိုင်းထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးက ပယ်ချခဲ့သည်။ အဆိုပါထွေအုပ်ရုံးသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ စစ်ကောင်စီဒေါက်တိုင်ဖြစ်သူ စည်ဖြိုးလင်းကိုသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။
စည်ဖြိုးလင်းဆိုသူမှာ အထက်ဖားအောက်ဖိလုပ်တတ်ပြီး ညတိုင်း ဧည့်စာရင်းဝင်စစ်ကာ အိမ်ထောင်စုဇယားထဲမှ လူငယ်မှန်သမျှ အိမ်တွင်ရှိပါက ဖမ်းခေါ်ပြီး အထက်ကို စစ်မှုထမ်းလူအင်အား အဓိက ဖြည့်ပေးနေသူဖြစ်ကြောင်း၊ လူငယ်များကို စစ်မှုထမ်းရန်အတွက် ငွေကြေးဖြင့် ရောင်းစားမှုများပင် ရှိနေကြောင်း ဒေသခံများက ဖွင့်ဟလာကြသည်။
ရပ်ကွက်နေပြည်သူတစ်ဦးက “ပြည်သူတွေ ရွေးချယ်တင်သွင်းထားတဲ့သူတွေကို မန္တလေးတိုင်း ထွေအုပ်ရုံးက ပယ်ချပြီး စည်ဖြိုးလင်းကို နောက်ထပ် အုပ်ချုပ်ခွင့် ထပ်ပေးလိုက်တာ။ စည်ဖြိုးလင်းဆိုသူက အထက်ဖားအောက်ဖိလုပ်ပြီး ဧည့်စာရင်း ညတိုင်းဝင်စစ်တယ်။ အိမ်ထောင်စုဇယားထဲက လူငယ်မှန်သမျှ အိမ်မှာရှိရင် ဖမ်းခေါ်ပြီး အထက်ကို စစ်မှုထမ်းလူအင်အား အဓိက ဖြည့်ပေးနေတာပါ။ လူငယ်တွေကို ရောင်းစားတာမျိုးတွေလည်း ရှိပါတယ်” ဟု ပြောဆိုသည်။
ထို့အတူ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးဟောင်း စောအောင်ကြည်ထွန်းသည် ကျေးရွာသားများအပေါ် မလျော်ဩဇာအာဏာသုံးခြင်း၊ အဓမ္မလုပ်အားပေးခိုင်းခြင်းနှင့် စစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်းတို့ကြောင့် ရွာသားများ၏ အလွန်မုန်းတီးခြင်းကို ခံထားရသူဖြစ်သည်။
၎င်းသည် ယခုအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် အုပ်ကြီးပြန်ဖြစ်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားနေပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပေါင်းကာ လက်ရှိအချိန်ထိ အငြင်းပွားမှုဖြစ်နေသည့် ဆန္ဒမဲပေးပွဲကို မပြုလုပ်သေးဘဲ ဆိုင်းငံ့ထားသည်။
ဒေသခံတစ်ဦးက “အုပ်ကြီးဟောင်း စောအောင်ကြည်ထွန်းက အထက်ဖားအောက်ဖိလုပ်လို့ ပြည်သူတွေက အလွန်မုန်းတီးနေကြတာ။ အခု အုပ်ကြီးရွေးကောက်ပွဲမှာလည်း သူပြန်ဖြစ်ဖို့ နည်းမျိုးစုံ ကြိုးစားနေတယ်။ မြို့နယ်ကလည်း ယခုအချိန်ထိ အငြင်းပွားမှုဖြစ်နေလို့ အုပ်ကြီးရွေးပွဲ ဆန္ဒမဲပေးခြင်းကို မပြုလုပ်ပေးဘဲ ဆိုင်းငံ့ထားပါတယ်။ ပြည်သူတွေကတော့ တရားမျှတတဲ့ ဆန္ဒမဲပေးခြင်းကိုပဲ မျှော်လင့်နေကြတယ်” ဟု ပြောဆိုသည်။
ကျေးရွာပြည်သူများကမူ စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် အုပ်ကြီးဟောင်းကို မလိုလားကြကြောင်း သိရှိရသည်။




