26.9 C
Yangon

မင်းတပ်မြို့ကို စစ်တပ်က ၄ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံး ၂၇၀ ကျော် ကျဲချ တိုက်ခိုက်၊ တနင်္သာရီ၊ ထားဝယ်နှင့် ကျောက်ကြီးမြို့နယ် ကိုလည်း စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇွန် ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံး ၂၇၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့အရှေ့ခြမ်းကို Y-12 ၊ ဂျက်ဖိုက်တာများဖြင့် ဗုံး ၉၈ လုံး ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ကလည်း မင်းတပ်မြို့အရှေ့ခြမ်းကို Y-12 ၊ ဂျက်ဖိုက်တာများဖြင့် ဗုံး ၆၂ လုံး ကျော်ကျဲချဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင်လည်း မင်းတပ်မြို့ အရှေ့ခြမ်း Y-12 ၊ ဂျက်ဖိုက်တာများဖြင့် ဗုံး ၃၀ ကျော်ကျဲချ ခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင်လည်း Y-12 ၊ ဂျက်ဖိုက်တာများဖြင့် ဗုံး ၈၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဇွန်လ ပိုင်းမှ စတင်၍ မင်းတပ်မြို့ကို မြေပြင် စစ်ကြောင်းများ အပြင် လေယာဉ်ဖြင့်လည်း နေ့စဉ် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၁ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ပလောဖထောကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်ရိုကော်ပတာ (Gyrocopter) ဖြင့် ၁၂၀ မမ ဗုံး ၂ လုံး၊ ဇွန်လ ၂၆ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဖိုးလမိုင်းသတ္တုမိုင်းဝန်းကျင်အတွင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၁၁ နာရီ ၅၁ မိနစ်ခန့်တွင် ၁ ကြိမ်နှင့် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ၁ ကြိမ် ပေါင် ၂၅၀ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် လှေတန်းကျေးရွာအတွင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင်လည်း ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျွန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်သင်းထွေး လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင်လည်း မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပူးပေါင်းတပ်ဖွဲ့များက ရွာကြီးအင်းကျေးရွာတွင် အထိုင်ချကာ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်သည့် စော်ပေါကုန်းကွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နိုကလော်ကျေးရွာနှင့် တမာခေါကျေးရွာမှ ပြည်သူများ၏ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်များသည် ညောင်လေးပင်ခရိုင်အတွင်းသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြု၍ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် အသက်အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့စွာဖြင့် နေ့စဉ်စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် သွားလာနေထိုင်ရေးတို့ကို အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article