26.9 C
Yangon

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စန်ခလဘူရီမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရရှိပြီး ဖမ်းဆီးရရှိသူများမှာ လူငယ်များဖြစ်ဟုဆိ

Must read

ရန်ကုန်၊ ဇွန် ၂၈

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စန်ခလဘူရီမြို့နယ်တွင် သဘာဝနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်အချိန် ဌာနပေါင်းစုံပါဝင်သော ထိုင်းအာဏာပိုင်အဖွဲ့က နယ်စပ်ဒေသများကို လုံခြုံရေးကင်းလှည့်စစ်ဆေးခဲ့ကြောင်း ၊ ထိုသို့ စစ်ဆေးစဉ် စန်ခလဘူရီမြို့ ၊Nong Lu ကျေးရွာအုပ်စု၊ အမှတ် ၈ ကျေးရွာရှိ ကျွဲကောသီးစိုက်ခင်းအနောက်ဘက် သဘာဝနယ်စပ်ဖြတ်လမ်းတစ်လျှောက် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများဟု ယူဆရသည့် လူတစ်စုကို တွေ့ရှိခဲ့သဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား နိုင်ပီဆောင် (Nai Pi Song) နှင့်အတူ အခြားမြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၈ ဦးအား Nam Kriak ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ကာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သို့မဟုတ် ဝင်ရောက်ခွင့် အထောက်အထားစာရွက် စာတမ်းများကို စစ်ဆေးခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူများမှာ လူငယ်များဖြစ်ကြောင်း သိရသည်။

သို့သော် ဖမ်းဆီးခံရသူအားလုံးမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် အာဏာပိုင်များက စစ်ဆေးမေးမြန်းရာ ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံမှ သဘာဝနယ်စပ်လမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး အလုပ်ခွင်သို့ မရောက်ရှိမီ လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ယင်းကြောင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံရသူ ၁၈ ဦးကို “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများ” ဟူသော စွဲချက်ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး စန်ခလဘူရီရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ကာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာဥပဒေများအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article