25.6 C
Yangon

ဘုံရန်သူ စစ်အုပ်စုကိုသာ ဦးတည်တိုက်ခိုက်ရန်နှင့် တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းရန် အဖွဲ့ပေါင်း ၁၀၀ ကျော် တိုက်တွန်းနှိုးဆော်

Must read

ရန်ကုန်၊ ဇွန် ၂၉

နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုများကို လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်း မပြုကြဘဲ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ကိုသာ စည်းလုံးညီညွတ်စွာ ဦးတည်တိုက်ခိုက်ကြရန် ပြည်တွင်းပြည်ပရှိ တော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်သည်။

ယနေ့ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူ လူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်ကြောင်း၊ တော်လှန် ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ အချင်းချင်းကြား သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း ယင်းပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် တော်လှန်ရေးအရှိန်အဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားသည်။

တော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများနှင့် အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကို တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကို လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ “ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးခြင်း” နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားကြရန် ဆက်လက်တိုက်တွန်းထားသည်။

ထို့ပြင် “ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဟူသော ကမ်ပိန်းလှုပ်ရှားမှုတွင် အပြုသဘောဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။

တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများအနေဖြင့် အချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုများကို ဝိုင်းဝန်းတားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန် နှိုးဆော်ထားသည်။

ပြည်သူတစ်ရပ်လုံးအနေဖြင့် ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် ဤလှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်လည်း ဆက်လက်နှိုးဆော်ထားသည်။

ယခုလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန်မဟုတ်ဘဲ “စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ”၊ “ဘုံရန်သူကို ထိုးနှက်၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်” နှင့် “ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်” ဟူသော ကြွေးကြော်သံများနှင့်အတူ စည်းလုံးညီညွတ်စွာ ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ရန် ဖြစ်ကြောင်း ဆော်ဩထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article