ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်းရှိ တလိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့သည့် ပြည်သူ ၈ ဦးကို သင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးက တလိုင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၆ နှစ်အရွယ် မဂျူးဂျူး၊ အသက် ၁၄ နှစ်အရွယ် မောင်ဟန်လင်းထက်၊ အသက် ၂၀ နှစ်ခန့်အရွယ် မောင်နိုးနိုး၊ အသက် ၅၀ နှစ်ခန့်အရွယ် ဒေါ်သင်း၊ အသက် ၅၂ နှစ်ခန့်အရွယ် ဒေါ်ဝင်း၊ အသက် ၄၀ နှစ်ခန့်အရွယ် မသန်းသန်းစိုးနှင့် အသက် ၈ နှစ်၊ ၅ နှစ်အရွယ် အမည်မသိ ကလေးငယ် ၂ ဦးတို့ သေဆုံးခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်နေသဖြင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ နေရာတစ်နေရာကိုလည်း ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်ပျက်စီး ဆုံးရှုံးမှုများ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတာပါ။ လက်ရှိသိရသလောက်တော့ ပြည်သူထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတာ မရှိသေးဘူး ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် စစ်ကောင်စီ၏ Gyrocopter ၃ စီးက ဆားလင်းကြီးမြို့နယ်၊ မတောင့်တကျေးရွာ တိုက်နယ်ဆေးရုံကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲပြီး ဆရာဝန် ၁ ဦးနှင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့သည်။




