25.6 C
Yangon

ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်အုပ်ချုပ်ရေးမှူး နေစိုး ငလျင်ထောက်ပံ့ကြေးနှင့် စစ်မှုထမ်းကြေးများကို ကိုယ်ကျိုးရှာ ချမ်းသာလာ​ပြီး ပြည်သူများကို ခြိမ်းခြောက်နေ

Must read

မန္တလေး၊ ဇွန် ၂၉

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေစိုးသည် ငလျင်ဘေးထောက်ပံ့ကြေးများ၊ အလှူရှင်များ၏ ထောက်ပံ့ပစ္စည်းများနှင့် စစ်မှုထမ်းကြေးများကို ကိုယ်ကျိုးရှာ ချမ်းသာလာပြီး အာဏာသုံး၍ ရပ်ကွက်နေပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ နေစိုးသည် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်လျှင် စစ်မှုထမ်းကြေးအဖြစ် လစဉ် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် အတင်းအကျပ် ကောက်ခံကြောင်း၊ အဆိုပါ စစ်မှုထမ်းငွေကြေးများမှာ ၎င်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ခွဲဝေသုံးစွဲကြပြီး နေစိုးက အဓိက ရှယ်ယာအများဆုံးရယူကြောင်း သိရှိရသည်။

ယင်းအပြင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သည့် ထောက်ပံ့ကြေးများကိုလည်း မသမာသောနည်းလမ်းများဖြင့် စီမံခန့်ခွဲကာ ကိုယ်ကျိုးရှာခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် အမှန်တကယ် ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၂ လုံးကို ထောက်ပံ့ကြေးရရှိနိုင်ရန် စာရင်းတင်ပြပေးခြင်း မရှိသဖြင့် အိမ်ရှင်များမှ ထောက်ပံ့ကြေး လုံးဝမရရှိခဲ့ကြောင်း၊ ထို့ပြင် နှစ်ထပ်နေအိမ်များ ပြိုကျပျက်စီးခဲ့သော်လည်း တစ်ထပ်နေအိမ်အဖြစ်သာ စာရင်းတင်ပြခဲ့သဖြင့် အိမ်ပိုင်ရှင် ၃ ဦးမှာ ထောက်ပံ့ကြေး အပြည့်အဝမရရှိဘဲ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် တစ်စိတ်တစ်ပိုင်းသာ ပျက်စီးခဲ့သည့် နေအိမ်အများအပြားကို စာရင်းကောက်ယူခဲ့သော် လည်း အမှန်တကယ် စာရင်းတင်ပြပေးခြင်း မရှိသဖြင့် ငလျင်ထောက်ပံ့ကြေး မရရှိခဲ့သူများလည်း အများအပြား ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ငလျင်ထောက်ပံ့ကြေးတွေကို စာရင်းမှန်မတင်ပေးတာ၊ အလှူပစ္စည်းတွေကိုလည်း အပြည့်အဝမဝေပေးဘဲ သူနဲ့နီးစပ်သူတွေကိုပဲ ခွဲဝေပေးတာတွေ ရှိပါတယ်။ စစ်မှုထမ်းကြေးကိုလည်း အိမ်တိုင်းက လစဉ် ကျပ် ၃၀,၀၀၀ မပေးမနေရ ကောက်ခံနေပါတယ်။ အဓိက သူတို့ပဲ သုံးစွဲကြတာ။ အဲဒီငွေကြေးတွေကို” ဟု နစ်နာသူ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒေသခံများ၏ အဆိုအရ ပရဟိတအဖွဲ့အစည်းများနှင့် နိုင်ငံတကာအလှူရှင်များက ပေးအပ်သည့် အဝတ်အထည်၊ စားသောက်ကုန်နှင့် အခြားထောက်ပံ့ပစ္စည်းများကိုလည်း ငလျင်ဘေးသင့်ပြည်သူများထံ အပြည့်အဝ မဖြန့်ဝေဘဲ အိမ်ထောင်စုအရေအတွက်ကို ပိုမိုတင်ပြခြင်း၊ ထုတ်ယူခြင်းမရှိသည့် အိမ်ထောင်စုများ၏ အမည်ဖြင့် ထောက်ပံ့ပစ္စည်းများ ထုတ်ယူခြင်းများ ပြုလုပ်ကာ ရုံးအဖွဲ့ဝင်များနှင့် ဆွေမျိုးသားချင်းများအကြား ခွဲဝေယူခဲ့ကြောင်း သိရသည်။

ထို့ပြင် တစ်ထပ်နေအိမ်များကို နှစ်ထပ်နေအိမ်အဖြစ် စာရင်းတင်ပေးပြီး အိမ်ရှင်များထံမှ ငွေကြေးတောင်းခံခြင်း၊ အနည်းငယ်သာ ပျက်စီးသည့် နေအိမ်များကို အလုံးစုံပြိုကျပျက်စီးသည့်ပုံစံဖြင့် စာရင်းတင်ကာ ရရှိလာသည့် ထောက်ပံ့ကြေးများကို အိမ်ရှင်များနှင့် ခွဲဝေယူခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် သူနှင့် ရင်းနှီးသူများကိုသာ မျက်နှာလိုက်ဆောင်ရွက်ခဲ့ပြီး နေအိမ်တစ်လုံး၊ ဆိုင်တစ်ဆိုင်တည်းကို အိမ်ထောင်စုနှစ်စုအဖြစ် စာရင်းခွဲတင်ပေးကာ ထောက်ပံ့ကြေး နှစ်ဆရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥပမာအားဖြင့် ပျော်ဘွယ်မြို့ ‘ပါရမီကဖေး’ ဆိုင်ကို အိမ်ထောင်စုနှစ်စုအဖြစ် စာရင်းတင်ပေးကာ ထောက်ပံ့ကြေး နှစ်စုစာ ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံများ၏ ပြောကြားချက်အရ နေစိုးသည် အုပ်ချုပ်ရေးမှူး မဖြစ်မီက တရားမဝင် မှတ်ပုံတင်ပွဲစားလုပ်ငန်းနှင့် နှစ်လုံး၊ သုံးလုံး ထီရောင်းချခြင်းကိုသာ လုပ်ကိုင်ခဲ့ပြီး ကိုယ်ပိုင်အလုပ်အကိုင်၊ အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ သို့သော် အုပ်ချုပ်ရေးမှူးဖြစ်လာပြီး ငါးနှစ်အတွင်း ကိုယ်ပိုင်အိမ်၊ ဇိမ်ခံကား၊ ဆိုင်ကယ်များနှင့် ရွှေငွေပိုင်ဆိုင်မှုများ အများအပြား ရရှိလာခဲ့ကြောင်း၊ လက်ရှိတွင် လစဉ် ကျန်းမာရေးနှင့် အထွေထွေအသုံးစရိတ်ဟုဆိုကာ ကောက်ယူရရှိသော ငွေကြေးများထဲမှ ငွေကျပ် သိန်း ၃၀ ခန့် ထုတ်ယူ သုံးစွဲနေကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူး မဖြစ်ခင်က အိမ်ငှားနဲ့ နေခဲ့ရသူပါ။ အခုတော့ အိမ်၊ ကား၊ ဆိုင်ကယ်နဲ့ ရွှေငွေတွေ အများကြီးပိုင်လာတယ်။ ရပ်ကွက်ကလူတွေကတော့ အာဏာသုံး ခြိမ်းခြောက်တာတွေကြောင့် မတိုင်ရဲ၊ မပြောရဲတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။

မြင်းဘက်ရပ်ကွက်အတွင်း ပြည်သူများမှာ စစ်မှုထမ်းအဓမ္မစုဆောင်းမှုများ၊ အာဏာသုံးခြိမ်းခြောက်မှုများနှင့် ငလျင်ဘေးထောက်ပံ့ကြေးများအပေါ် မှန်ကန်စွာ မရရှိခြင်းများဖြစ်ပေါ်နေသော်လည်း စစ်တပ်နှင့်ပူးပေါင်းနေသော နေစိုးကို ကြောက်ရွံ့နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်တွင် ပြည်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အစည်းအဝေး ခေါ်ယူစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article