25.6 C
Yangon

မိုးဗြဲမြို့အနီး စစ်တပ်၏ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိပြီးနောက် တိုက်လေယာဉ်များဖြင့် ဆက် တိုက်ဗုံးကျဲတိုက်ခိုက်နေ၊ ချောင်းဦးတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိနေ

Must read

ရန်ကုန်၊ ဇွန် ၂၉

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၃ ခုကို ကရင်နီတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးအသုံးပြု၍ ၇ ကြိမ်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲမှ နံနက် ၉ နာရီဝန်းကျင်အထိ မိုးဗြဲမြို့ပြင်သို့ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် မိုးဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများကို လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“မနေ့က တိုက်ပွဲမှာ အတော်အထိနာသွားတော့ ဒီနေ့ ဗုံးကျဲတိုက်ခိုက်နေတာ၊ အခုဆိုရင် ၇ ကြိမ်ရှိပြီ။ မိုးဗြဲမြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေနဲ့ ကျဲချနေတာ။ အခုအထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ။ လူထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ် ၂ လုံးတော့ ထိခိုက်ပျက်စီးခဲ့တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် မိုးဗြဲမြို့ပတ်ဝန်းကျင်ရှိ ဆင်တောင်ကျေးရွာ၊ ဝီသဲကူးကျေးရွာတို့အပါအဝင် ဒီးမော့ဆို-လွိုင်ကော်ကားလမ်းမကြီးဘေးရှိ ကျေးရွာများမှ စာသင်ကျောင်းများကို ယာယီပိတ်ထားရပြီး ဒေသခံပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့ပြင် မိုးဗြဲမြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် နေ့စဉ် ကင်းထောက်ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ အသုံးပြု၍ မြို့ပြင်ဒေသများကို စောင့်ကြည့်ထောက်လှမ်းနေပြီး လက်နက်ကြီးများနှင့် ဒရုန်းများအသုံးပြုကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏ တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်ခြမ်းရှိ အမြင့်ကျေးရွာအနီး ချင်းတွင်းမြစ်ဘေးကိုလည်း ယနေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၈ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ ဗုံးသီး ၄ လုံး ကျဲချသွားတာပါ” ဟု မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန်လ ၂၀ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ- ဆက်နောင်နှင့် CJ ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article