26.2 C
Yangon

ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူ၊ ပြည်သူ ၂,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၃၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း Battalion 807 – Nay Pyi Taw PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့တွင် စစ်ဆင်ရေးစတင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာနှင့် ဇွန်လ ၁၈ ရက်နေ့တွင် ကျွန်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယင်းစစ်ကြောင်းက ကျေးရွာနှစ်ရွာရှိ နေအိမ်စုစုပေါင်း ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း Battalion 807 – Nay Pyi Taw PDF က ပြောသည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ပိတောက်ကုန်း၊ ကျွန်းကုန်း၊ ဆယ်ဝါးတော၊ ရှမ်းစု၊ စည်ပိုင်း၊ အင်းကြီးပေါက်၊ ရေငံ၊ စည်ပင်သာ၊ နဂျပ်ထက်နှင့် နဂျပ်အောက် ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၂,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဇွန်လ ၄ ရက်နေ့က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ ပိတောက်ကုန်းကျေးရွာနဲ့ ဇွန်လ ၁၈ ရက်နေ့မှာ ကျွန်းကုန်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားတာတွေ ရှိပါတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတော့ မရှိပါဘူး။ ပြည်သူတွေကို ကျွန်တော်တို့ဘက်က ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းက ပြည်သူတွေ တိမ်းရှောင်နေရပြီး တိမ်းရှောင်နေရသူဦးရေက ၂,၀၀၀ ဝန်းကျင်ရှိပါတယ်။ လက်ရှိမှာတော့ စစ်ကြောင်းက ကျွန်းကုန်းကျေးရွာအတွင်းမှာ ဆက်ရှိနေပါတယ်” ဟု Battalion 807 – Nay Pyi Taw PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျွန်းကုန်းကျေးရွာအတွင်း ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများအနေဖြင့် နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article