26.2 C
Yangon

တော်လှန်ရေးတပ်များ၏ FPV ဒရုန်းများကို ကာကွယ်ရန်အတွက် တပ်ရင်းတပ်ဖွဲ့များတွင် ပိုက်ကွန်များကို တပ်ဆင်အသုံးပြုရန် နေပြည်တော်စစ်ရုံးက အမှန်တကယ် ညွှန်ကြားထားဟုဆို

Must read

ရန်ကုန်၊ ဇွန် ၃၀

နေပြည်တော်စစ်ရုံးက တော်လှန်ရေးတပ်များ၏ FPV ဒရုန်းများကို ကာကွယ်ရန်အတွက် တပ်ရင်းတပ် ဖွဲ့များတွင် ပိုက်ကွန်များကို တပ်ဆင်အသုံးပြုရန် အမှန်တကယ် ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်များက FPV ဒရုန်းများကို အသုံးပြုမှုများ များပြားလာပြီးနောက် ယခုနှစ်ဇွန်လ ၂၃ ရက်နေ့ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ စစ်ကူလာသော Mi-17 စစ်ရဟတ် ယာဉ်ကို တော်လှန်ရေးတပ်များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဖျက် ဆီးခံရပြီးနောက် နေပြည်တော်စစ်ရုံးက FPV ဒရုန်းများကို ကာကွယ်ရန် ပိုက်ကွန်များ တပ်ဆင်ထားရန် ညွှန်ကြားလာကြောင်း သိရှိရသည်။

“တပ်ရင်းတပ်ဖွဲ့တွေရဲ့ စစ်ရုံး၊ လက်နက်တိုက်၊ ဘန်ကာ၊ အစည်းအဝေးခန်းမတွေမှာ ပိုက်ကွန်တွေ တပ်ဆင်ဖို့ ။ ညွှန်ကြားချက်မှာ အရောင်ရင့်တဲ့ ပိုက်ကွန်တွေကို အသုံးမပြုဖို့ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

CDM ဗိုလ်​ကြီးဇင်ယော်က စစ်တပ်က FPV ဒရုန်းများကို ကာကွယ်ရန် ပိုက် ကွန်များ အသုံးပြုရန် ညွှန် ကြားချက်မှာ မှန်ကန်ပြီး ရဟတ်ယာဉ် ဆင်းရာတွင် ပိုက်ကွန်ကိုင်ဆောင်ထားသော စစ်သားများနှင့် ဇတ်တိုက်လေ့ကျင့်မှုများပင် လုပ်ဆောင်နေကြကြောင်း ပြောဆိုသည်။

“စစ်ဗိုလ်ချုပ်တွေ ရဲ့ လက်တန်းစီမံချက်တွေပါ။ အဓိက သယ်ယူပို့ဆောင်ရေး က လေကြောင်းဖြစ်နေတော့ ရဟတ်ယာဉ် လေယာဉ် တွေ ကမြေပြင်တပ်မှူး က အာမခံချက်ပေးမှ ဆင်းလို့ရတာဆိုတော့။ လေကြောင်းထောက်ပံ့မှု ပြတ်တောက်တာ နဲ့ အရင်လို လက်နက်ချ အညံ့ခံတာတွေ ဖြစ်လာမှာ စိုးလို့ လက်ပူတိုက် တဲ့ ဗျူဟာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှင်းလင်းပြောဆိုသည်။

တပ်ရင်းတပ်ဖွဲ့များနှင့် ရဟတ်ယာဉ်များဆင်းသက်ရာတွင် FPV ဒရုန်းကို ကာကွယ်ရန် ငွေကြေးကုန်ကျနည်းသည့် ပိုက်ကွန်ကို အသုံးပြုခိုင်းနေခြင်းမှာ အလျင် စလို နည်းဗျူဟာတစ်ရပ်ဖြစ်ပြီး မြေပြင်မှ စစ်သည်များ၏ အသက်အန္တရာယ်ကို ထည့်မတွက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“စစ်ဗိုလ်ချုပ် တွေ က အဲဒီလို ငွေကုန်ကြေးကျ နည်းပါးစေတဲ့ နည်းဗျူဟာတွေ ကို အလျင်စလို လုပ်ခိုင်းလေ့ရှိပါတယ်။ လေယာဉ် မထိ အောင်ပေမယ့် ကာကွယ်ရေးလုပ်တဲ့ စစ်သည် ရဲ့ အသက်အန္တရာယ် ဖြစ်မလားဆိုတာကို ထည့်ပြီး မတွက်ကြတာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆက်လက်ရှင်းပြသည်။

၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့အနီးသို့ စစ်ကူလာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးအနက် Mi-17 ရဟတ်ယာဉ် ၂ စီးကို KIA က FPV ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ တောတွင်းသို့ ပျက်ကျသွားပြီး ကျန်ရဟတ်ယာဉ် ၁ စီးမှာ အရေးပေါ်ဆင်းသက်စဉ် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက် ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုတွင် အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသက်စဉ် ပိုက်ကွန်ဖြင့် ဒရုန်းကို တားဆီးရန် စစ်သားများက ပြင်ဆင်နေကြစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article