26.2 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် တစ်လလျှင် ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် လည်ပတ်ငွေရှိသည့် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်အတွက် အလုပ်လုပ်နေသော မြန်မာနိုင်ငံသူ အမျိုးသမီး ၂ ဦး ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၃၀

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် တစ်လလျှင် ဘတ်သန်း ၇၀ ခန့် လည်ပတ်ငွေရှိသည့် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တစ်ခု၏ လုပ်ငန်းလည်ပတ်ရာနေရာကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ (Cyber Police) အမှတ်(၄) လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ရပ်ကွက် ၁၀ ရှိ နေအိမ်တစ်လုံးကို ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများအရ အဆိုပါနေအိမ်ကို “Las Vegas LV177” အမည်ရှိ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ အက်ဒ်မင်များ လုပ်ငန်းဆောင်ရွက်ရာနေရာအဖြစ် အသုံးပြုနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကာလအတွင်း ဝန်ဆောင်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းစီးနင်းမှုသည် အွန်လိုင်းရာဇဝတ်မှုများကို အရှိန်မြှင့်နှိမ်နင်းရန် ထိုင်းအစိုးရနှင့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့၏ မူဝါဒအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က အထောက်အထားများ စုဆောင်းပြီးနောက် မဲဆောက်ခရိုင်တရားရုံးထံမှ ရှာဖွေဝရမ်း ရယူကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ရှာဖွေစဉ် မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် မသန္တာ နှင့် အသက် ၂၆ နှစ်အရွယ် မစီဇာညွန့် တို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ အက်ဒ်မင်အဖြစ် ဖောက်သည်များနှင့် စကားပြောဆိုခြင်း၊ ဝန်ဆောင်မှုပေးခြင်းများကို တာဝန်ယူလုပ် ဆောင်နေသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် တစ်လလျှင် ဘတ် ၃၀,၀၀၀ ခန့် လစာရရှိကြောင်း သိရပြီး စစ်ဆေးမှုများအရ အဆိုပါဝက်ဘ်ဆိုက်၏ လည်ပတ်ငွေမှာ တစ်လလျှင် ဘတ်သန်း ၇၀ ခန့်အထိ ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့က ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ iPad များ၊ ကွန်ရက်ချိတ်ဆက်ပစ္စည်းများ၊ ငွေသား ဘတ် ၃၅,၀၀၀၊ ရွှေနှင့်တူသည့် လက်ဝတ်ရတနာများ၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဘဏ်စာအုပ်များအပါအဝင် သက်သေခံပစ္စည်းအများအပြားကို သိမ်းဆည်းခဲ့ပြီး ငွေကြေးလမ်းကြောင်းများကို ဆက်လက်စစ်ဆေးကာ ကွန်ရက်အတွင်း ပါဝင်ပတ်သက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၂ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ မဲဆောက်မြို့မရဲစခန်းသို့ လွှဲ ပြောင်းခဲ့ပြီး တရားမဝင် အွန်လိုင်းလောင်းကစားဝန်ဆောင်မှု လုပ်ဆောင်ခြင်း၊ အွန်လိုင်းလောင်းကစားကို ကြော်ငြာခြင်းနှင့် အခြားသူများကို ပါဝင်ကစားရန် စည်းရုံးဖိတ်ခေါ်ခြင်းတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က အွန်လိုင်းလောင်းကစားသည် ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပြီး ငွေကြေး ဆုံးရှုံးနိုင်သည့်အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များကို လိမ်လည်သူများက အလွဲသုံးစားပြုနိုင်သဖြင့် ပြည်သူများအနေဖြင့် အွန်လိုင်းလောင်း ကစားဝက်ဘ်ဆိုက်များ သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာများ တွေ့ရှိပါက ဆိုက်ဘာရဲတပ်ဖွဲ့ထံ သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article