ရန်ကုန်၊ ဇွန် ၃၀
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖရူဆိုတွင် အသက် ၅ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရရှိပြီး ဂွမြို့နယ် ရေကျော်ရွာတွင်မူ ကလေးငယ် ၁ ဦးထပ်မံသေဆုံး၍ သေဆုံးသူ ၂ ဦးရှိလာကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ရခိုင်ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်ခန့်အချိန် ကရင်နီပြည်၊ဖရူဆိုမြို့နယ်တွင် နမ့်စန်လေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စီးက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အသက် ၅ နှစ်အရွယ် စစ်ဘေးရှောင်ကလေးတစ်ဦး ဒဏ်ရာရတယ်။ နေအိမ်တစ်လုံးလည်း ပျက်စီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ရေကျော်ကျေးရွာကို ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရေကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတစ်လုံး၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံးတစ်လုံးနှင့် ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးဝေရာမင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၀ နှစ်အရွယ် မောင်ထက်မြတ်သူ မှာလည်း အရေးပေါ်ဆေးကုသမှု ခံယူစဉ် ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးရှိလာကြောင်း သိရှိရသည်။
လက်ရှိ ရေကျော်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ဦးဝေရာမင်းနှင့် မောင်ထက်မြတ်သူတို့ အပါအဝင် ၂ ဦးအထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- APM နှင့် Ngelay






