ရန်ကုန်၊ ဇူလိုင် ၂
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း စနစ်တကျ ထိန်းချုပ်ကြပ်မတ်မှုမရှိဘဲ ဆောင်ရွက်နေသော မြေရှားသတ္တု (Rare Earth) နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အာဆင်းနစ်၊ ခဲ၊ ပြဒါး အပါအဝင် အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုများသည် နယ်စပ်ဖြတ်ကျော်မြစ်များမှတစ်ဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မဲခေါင်မြစ်ဝှမ်းဒေသအတွင်းသို့ စီးဝင်လျက်ရှိပြီး ဒေသတွင်း ဂေဟစနစ်နှင့် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက သတိပေးထားသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြစ်ရေညစ်ညမ်းမှု ပြဿနာအပေါ် အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှုများလည်း ပေါ်ပေါက်လာနေပြီး၊ ဇွန်လ ၆ ရက် ကုလသမဂ္ဂ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ဝပ်သာတွန် (Wat Thaton) ကျောင်း ထိုင်ဆရာတော် Phra Maha Nikhom ဦးဆောင်၍ ကောက်မြစ် (Kok River) ကမ်းတစ်လျှောက် ၆၈ ကီလိုမီတာရှည်လျားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ဆန္ဒပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုသည် ကောက်မြစ်၊ ဆိုင်မြစ် (Sai River)၊ ရုအက်မြစ် (Ruak River)၊ မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် ကရပူရီမြစ် (Kraburi River) တို့ကို မှီခိုအသက်မွေးဝမ်းကျောင်းပြုနေသည့် ဒေသခံပြည်သူများအတွက် မြစ်ရေညစ်ညမ်းမှု အန္တရာယ်ကို သတိပြုမိစေရန်နှင့် ထိုင်းအစိုးရက ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ထိုင်းဝန်ကြီးချုပ်နှင့် သက် ဆိုင်ရာ ဝန်ကြီးများကို ဖိတ်ကြားခဲ့သော်လည်း တစ်ဦးမျှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ချင်းရိုင်းမြို့ရှိ မဲဖာလူးတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာရှင် ဒေါက်တာ Suebsakun Kidnukorn နှင့် ချင်းမိုင်တက္ကသိုလ်မှ ဒေါက်တာ Wan Wiriya တို့၏ လေ့လာချက်များအရ မြန်မာနိုင်ငံဘက်မှ စီးဆင်းလာသည့် အဆိပ်သင့် အာဆင်းနစ်များသည် မြစ်အောက်ခြေ အနယ်အနှစ်များအတွင်း စိမ့်ဝင်စုဆောင်းနေပြီး ရေရှည်တွင် လူ့ခန္ဓာကိုယ်အတွင်း စုပုံလာနိုင်ကြောင်း သိရသည်။
အဆိပ်သင့် အာဆင်းနစ်သည် အချိန်ကြာမြင့်စွာ ထိတွေ့စားသုံးမိပါက အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ဆီးအိမ်ကင်ဆာကဲ့သို့သော ရောဂါများ ဖြစ်ပွားစေနိုင်သည့် အဆိပ်အတောက်တစ်မျိုးဖြစ်ကြောင်း ပညာရှင်များက သတိပေးထားသည်။
ထို့ပြင် အဆိပ်အတောက်များသည် မြစ်အောက်ခြေ အနယ်အနှစ်များမှတစ်ဆင့် ငါးများ၊ ရေသတ္တဝါများနှင့် စိုက်ပျိုးရေးသီးနှံများအတွင်းသို့ ဝင်ရောက်နိုင်သဖြင့် စားနပ်ရိက္ခာကွင်းဆက် (Food Chain) တစ်လျှောက် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယင်းအခြေအနေသည် စိုက်ပျိုးရေးနှင့် အစားအစာတင်ပို့ရေးကို အဓိကအားထားနေသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကိုလည်း ထိခိုက်လာနိုင်ကြောင်း သိရသည်။
မဲခေါင်မြစ်အောက်ပိုင်းတွင် တည်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံသည်လည်း ယင်းနယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း၊ အထူးသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့် တုံလေဆပ် (Tonle Sap) အိုင်ကြီးအထိ အဆိပ်အတောက်များ ပျံ့နှံ့ရောက်ရှိလာနိုင်ကြောင်း ပညာရှင်များက ဆိုသည်။
ကမ္ဘောဒီးယား နည်းပညာတက္ကသိုလ် (Institute of Technology of Cambodia – ITC) မှ သိပ္ပံပညာရှင် Kaing Vinhteang က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆိပ်အတောက်များကို စစ်ဆေးတိုင်းတာနိုင်သည့် စွမ်းရည်ရှိသော်လည်း ယင်းပြဿနာသည် နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းနိုင်သည့် ကိစ္စမဟုတ်ဘဲ မဲခေါင်မြစ်ဝှမ်း ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။ သို့သော် နယ်စပ်ရေးရာ တင်းမာမှုများနှင့် သတင်းအချက်အလက် ဖလှယ်မှုအားနည်းနေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုများမှာ ထိရောက်မှုမရှိသေးကြောင်း သိရသည်။
ပညာရှင်များ၏ အဆိုအရ ရှမ်းပြည်နယ်အတွင်းရှိ ရှားပါးဒြပ်စင် တူးဖော်ရေးလုပ်ငန်းအများစုကို တရုတ်ကုမ္ပဏီများက လုပ်ကိုင်နေကြပြီး ယင်းဒေသများကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ ပိုမိုတင်းကျပ်လာပြီးနောက် တရုတ်ကုမ္ပဏီအချို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ရွှေ့ပြောင်းကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစည်းမျဉ်းများ လုံလောက်စွာ မလိုက်နာဘဲ သတ္တုတူးဖော်မှုများ ဆောင်ရွက်နေကြောင်း ပညာရှင်များက ထောက်ပြထားသည်။
သို့ရာတွင် ဘန်ကောက်မြို့ရှိ တရုတ်သံရုံးကမူ ထိုင်းအစိုးရ၏ စစ်ဆေးတိုင်းတာချက်များအရ မြစ်ရေအရည်အသွေးသည် ယေဘုယျအားဖြင့် ဘေးကင်းသည့်အဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည်ဆိုသည့် စွပ်စွဲချက်များကို လက်ခံပြောဆိုခြင်း မရှိပေ။
လက်ရှိတွင် ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (Pollution Control Department – PCD) က ကောက်မြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်တစ်လျှောက် ရေအရည်အသွေးကို အလိုအလျောက် စောင့်ကြည့်တိုင်းတာနိုင်မည့် စခန်း ၁၈ ခု တည်ဆောက်ရန် အရေးပေါ်ဘတ်ဂျက် တင်ပြတောင်းခံထားသော်လည်း ထိုင်းအစိုးရ၏ နောက်ဆုံးအတည်ပြုချက်ကို မရရှိသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံ ပြည်သူ့ပါတီ (People’s Party) မှ လွှတ်တော်ကိုယ်စားလှယ် Phattarapong Leelaphat က ထိုင်းကုမ္ပဏီအချို့သည်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော သတ္တုတွင်းထွက်များနှင့် နယ်စပ်ကုန်သွယ်ရေးမှ အကျိုးအမြတ်များ ရရှိနေကြောင်း ထောက်ပြထားပြီး၊ ထိုင်းအစိုးရအနေဖြင့် ယင်းပြဿနာကို ဒေသတွင်း အရေးပေါ် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းရန် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။
ကိုးကား- The Diplomat ။ ဓာတ်ပုံ- Tom Fawthrop ။







