ရန်ကုန်၊ ဇူလိုင် ၂
မကွေးတိုင်း၊ ရေနံချောင်းမြို့မှ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်းနေရသည့် ထက်လှိုင်မင်း (ခေါ်) ဆင်ပေါက်ဆိုသူက ၎င်း၏ အထက်အရာရှိကို ပစ်ခတ်သတ်ဖြတ်ပြီး လက်နက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း ရေနံချောင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်မှုထမ်းတပ်သား ထက်လှိုင်မင်း (ခေါ်) ဆင်ပေါက်မှာ မကွေး-ကန်ပြားလမ်းဆုံ၌ ယခုနှစ်ဆန်းပိုင်း စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်တပ်အတွင်းသို့ အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း ခံခဲ့ရသူဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း သူ၏ အထက်အရာရှိဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ သူ၏သေနတ်နှင့် အရာရှိ၏ သေနတ်ကိုပါ ယူဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က ၎င်းကို လိုက်လံ ဖမ်းဆီးလျက်ရှိသော်လည်း ဖမ်းမမိသေး၍ ရေနံချောင်းမြို့ပေါ် တွင်နေထိုင်သော စစ်မှုထမ်းတပ်သား ထက်လှိုင်မင်း(ခေါ်) ဆင်ပေါက်၏ မိခင်နှင့် ဇနီးကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။
“ထက်လှိုင်မင်း (ခေါ်) ဆင်ပေါက်က ရေနံချောင်းသားပါ။ မကွေး-ကန်ပြားလမ်းဆုံမှာ ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ ပါသွားတာ။ အခုတော့ သူ့အထက်အရာရှိကို ပစ်ခတ်ပြီး လက်နက်ယူကာ ထွက်ပြေးသွားတယ်။ ပစ်ခံရတဲ့ အရာရှိလည်း သေဆုံးသွားတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိအချိန်အထိ ထွက်ပြေးနေသော စစ်မှုထမ်းတပ်သား ထက်လှိုင်မင်း (ခေါ်) ဆင်ပေါက်ကို ဖမ်းဆီး မမိသေး၍ စစ်တပ်၏ စစ်ဖက်လုံခြုံရေးအဖွဲ့ (စရဖ) က ၎င်း၏ မိခင်နှင့် ဇနီးကို ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သတင်းရင်းမြစ်က “သူ ထွက်ပြေးသွားပြီးတဲ့နောက် စရဖက သူ့အမေနဲ့ သူ့မိန်းမကို လာဖမ်းသွားတယ်။ အခုအချိန်အထိ ပြန်မလွှတ်သေးဘူး” ဟု ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- ရေနံချောင်းမြို့ကို လှည့်လည် စစ်ဆေးနေသည့် ရဲ၊ ထွေ/အုပ်၊ မီးသတ်နှင့်ပျူစောထီးများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




