ရန်ကုန်၊ ဇူလိုင် ၂
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်တွင် တည်ရှိပြီး ဒေသခံပြည်သူများ အမြတ်တနိုးထားကာ ဂါရဝပြုနေကြသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ထုကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၂ ရက် နံနက်အစောပိုင်းတွင် ကရိန်းယာဉ်များအသုံးပြု၍ အတင်းအဓမ္မ ဖျက်ဆီးဖယ်ရှားသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအင်အား အများအပြားဖြင့် ရောက်ရှိလာကာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ကရိန်းယာဉ်ဖြင့် ဖြုတ်ချပြီး ယာဉ်ဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ကျုံပျော်ဒေသခံတစ်ဦးက “ဗိုလ်ချုပ်ရုပ်တုကို လာဖယ်တဲ့အချိန် မနက် ၄ နာရီဆိုပေမယ့် ပြည်သူတချို့က အပြင်ထွက်နေကြပြီ။ ဒါပေမယ့် အနားကိုတောင် အကပ်မခံဘဲ မောင်းထုတ်ခဲ့တယ်။ ကရိန်းနဲ့ ဖြုတ်ပြီး ကားနဲ့တင်သွားတယ်။ ဘယ်ကိုသယ်တာလဲတော့မသိဘူး။ အခု ရုပ်တုထားခဲ့တဲ့ နေရာတစ်ဝိုက်ကိုလည်း အစိမ်းရောင် အကာတွေနဲ့ ကာထားပြီး စစ်သားတွေ လုံခြုံရေးယူထားတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရုပ်တုဖယ်ရှားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါနေရာတစ်ဝိုက်တွင် လုံခြုံရေးကို ယခုအချိန်အထိ တင်းကျပ်စွာ ချထားပြီး ပြည်သူများ အနီးကပ်ချဉ်းကပ်ခွင့်မပြုကြောင်း ဒေသခံများက ဆိုသည်။
ယနေ့နံနက်ပိုင်းတွင်ပင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကိုလည်း စစ်ကောင်စီတပ်နှင့် စည်ပင်အဖွဲ့များက အပြီးသတ် ဖြိုချဖယ်ရှားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့်လများအတွင်း နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ညအချိန်များတွင် လုံခြုံရေးတင်းကျပ်စွာ ချထားကာ ကရိန်းယာဉ်များ၊ ဘက်ဟိုးများ၊ မြေကော်ကားများ အသုံးပြု၍ ဆက်တိုက်ဖယ်ရှားမှုများ ပြုလုပ်နေသည်။
ယင်းကဲ့သို့ ဖယ်ရှားမှုများအနက် ၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မရဲစခန်းအရှေ့ဘက်တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်တပ်၊ ရဲနှင့် Non-CDM စည်ပင်ဝန်ထမ်းများက ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့သည်။
၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင်လည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို စစ်တပ်နှင့် စည်ပင်တို့က ကရိန်းယာဉ်များ အသုံးပြု၍ ဖယ်ရှားသယ်ဆောင်ခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကရိန်းယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် ဖယ်ရှားခဲ့ပြီး ရုပ်တုစိုက်ထူထားသည့် စင်ကိုလည်း ဖြိုချဖျက်ဆီးခဲ့သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပဲခူးမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက်၍ အမှောင်ချကာ ဖယ်ရှားခဲ့သလို၊ နိုဝင်ဘာလ ၁ ရက်နေ့တွင်လည်း ပုသိမ်မြို့ ကန်သုံးဆင့် ပြည်ထောင်စုကွင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဘက်ဟိုး ၂ စီးအသုံးပြု၍ ဖြိုချခဲ့သည်။
ယင်းမတိုင်မီ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုစိုက်ထူထားသည့် ဗိုလ်ချုပ်ရင်ပြင်ကို မြေကော်ယာဉ်များဖြင့် ဖြိုချဖျက်ဆီးကာ ရုပ်တုကို စစ်တပ်က ခမရ (၄၁၉) တပ်ရင်းအတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
လတ်တလောတွင် စစ်ကောင်စီက ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ဆက်တိုက် ဖယ်ရှားဖျက်ဆီးလျက်ရှိပြီး ယင်းလုပ်ရပ်များကြောင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများနှင့် စိုးရိမ်မှုများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။




