ရန်ကုန်၊ ဇူလိုင် ၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ခလရ-၂၈၂ တပ်ရင်းမှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၂ မှ တပ်သား ၁ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခုနှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင်လည်း တပ်မ ၇၇ မှ စစ်သား ၂ ဦး CDF – Hakha ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ တပ်သားများ အနေဖြင့် အသက်အန္တရာယ်မရှိဘဲ CDM ပြုလုပ်နိုင်စေရန် CDF – Hakha က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ နေထိုင်ရေး၊ လုံခြုံရေးအတွက် သွားရောက်လိုသော နေရာအထိ တာဝန်ယူပို့ဆောင်ပေးမည်ဟု CDF – Hakha Support Team of North America က ပြောဆိုထားသည်။
ဇွန်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၉၇ ဦးရှိပြီဖြစ်ကြောင်း ၊၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၅၅၃ ဦး အထိရှိနေပြီဖြစ်ကြောင်း သိရှိရသည်။






