27 C
Yangon

ရေတာရှည်၊ ကျွန်းကုန်းနှင့် ပိတောက်ကုန်းကျေးရွာ ၂ ရွာတို့ကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျွန်းကုန်းနှင့် ပိတောက်ကုန်းကျေးရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၃ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်သည် ကျွန်းကုန်းကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးနှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး အသုံးပြု၍ တစ်ရက်တည်း အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဇွန်အတွင်းတွင်ပင် Y-12 လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

လေကြောင်းနှင့် မြေပြင် နှစ်ဖက်ညှပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာခဲ့ရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျွန်းကုန်းနှင့် ပိတောက်ကုန်းကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနှစ်ရွာလုံး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာ ၁ လကျော်၊ ၂ လနီးပါးရှိနေပြီ။ အခုချိန်အထိ စစ်ကောင်စီတပ်တွေက ကျွန်းကုန်းနဲ့ ပိတောက်ကုန်းရွာတွေမှာ တပ်စွဲထားဆဲပါ။ ဒရုန်း၊ လေယာဉ်တွေနဲ့လည်း နေ့စဉ်လိုလို အပြင်းအထန် တိုက်ခိုက်နေတုန်းပါ။ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်လို့ တပ်ရင်း၊ တပ်ခွဲတွေမှာ ကျည်အင်အား အရေးပေါ်လိုအပ်နေပါတယ်။ ပြည်ပရောက် တော်လှန်ရေးညီအစ်ကိုမောင်နှမတွေအနေနဲ့ ကျည်ဖိုးဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၃ မှ တာဝန်ရှိသူက ပြောကြားသည်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ ကြည်းကြောင်း ထိုးစစ်များ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများကို အပြင်းအထန် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် နေ့ညမပြတ် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေပြီး ပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ဆက်လက်ဖျက်ဆီးနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများတွင် ဆက်လက်တိမ်းရှောင်နေထိုင်ကြရန်လည်း သတိပေးထားသည်။

ရေတာရှည်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အထိ အခိုက်များပြားလာသဖြင့် လေကြောင်းအင်အားကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေကြောင်း၊ ယင်းတိုက်ပွဲများအတွင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ မှ ရဲဘော်ယက္ခ မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး အခြားရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၃ က ကျဆုံးခဲ့သည့် ရဲဘော်၏ စွန့်လွှတ်ပေးဆပ်မှုကို လေးစားဂုဏ်ပြုကြောင်း၊ စစ်ဘေးဒုက္ခရောက်နေသော ပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အကြမ်းဖက်စစ်အာဏာရှင်စနစ် မကျဆုံးမချင်း တော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ်နှင့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article